25.2 C
Yangon

ရေးနှင့် လောင်းလုံးမြို့နယ်တို့တွင် စစ်ကောင်စီ၏ ကာကင်းစခန်း၊ ရဲစခန်းနှင့် အစိုးရရုံးများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ-၃၁ လက်အောက်ခံ ကာကင်းစခန်းနှင့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ရှိ မြို့မရဲစခန်း၊ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

Mon State Revolutionary Force (MSRF) ၏ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့အခြေစိုက် ခလရ-၃၁ ၏ ကာကင်းစခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ခွဲ (၁) မှ ရဲဘော်များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ရေးတောင်ပိုင်းက ကာကင်းကို သွားရောက်တိုက်ခိုက်တဲ့ တိုက်ပွဲမှာ စကစဘက်က အသေ အပျောက်စာရင်းကိုတော့ ကျွန်မတို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ဝန်းကျင်ရှိပါတယ်။ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးတော့ မရှိပါဘူး” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ်၊ တပ်ခွဲ (၁) မှ ရဲဘော်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီး တော်လှန်ရေးရဲဘော်များအားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း၌လည်း ကျောင်းသားတော်လှန်ရေးတပ် (SRF) နှင့် မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီ၏ မြို့မရဲစခန်း၊ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း SRF က ထုတ်ပြန်ထားသည်။

SRF ၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၃ ရက်နေ့မှ ၁၀ ရက်နေ့အထိ လက်သည်းရှည်တောင်ဒေသတွင် လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့်အပြင် လောင်းလုံးမြို့အတွင်းသို့ ဝင်ရောက်၍ မြို့မရဲစခန်း၊ လဝကရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကြယ်တောင်ဒေသမှ လေးသွန်းခံကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း SRF က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးများကို ကျောင်းသားတော်လှန်ရေးတပ် (SRF)၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း၊ သံမဏိလိပ်ပြာတပ်ခွဲ (LLSBF)၊ အထူးပျောက်ကြားတပ်ဖွဲ့နှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ တပ်စခန်းများ၊ လုံခြုံရေးစခန်းများနှင့် အုပ်ချုပ်ရေးယန္တရားများကို ပစ်မှတ်ထား စစ်ဆင်ရေးများ ဆက်တိုက်ဖော်ဆောင်လျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း စစ်ကြောင်းထိုးခြင်းနှင့် လုံခြုံရေးတင်းကျပ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article