25.2 C
Yangon

ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲများပြင်းထန်ပြီး စစ်တပ်ဘက်မှ အထိနာကာ နတ်ချောင်းရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားကာ အထိနာခဲ့ပြီးနောက် နတ်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှစတင်၍ ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ-ဖလမ်း လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့သည့်အပြင် စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်သည် နတ်ချောင်းရွာအနီးရှိ ကျေးရွာများကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ထိတွေ့တိုက်ပွဲများ ခေတ္တရပ်နားနေသော်လည်း စစ်ရေးအရ ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် နတ်ချောင်းရွာအတွင်း၌ အထိုင်ချတပ်စွဲထားပြီး ကလေးမြို့ပေါ်မှတစ်ဆင့် လူအင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ထပ်မံဖြည့်တင်းနေကြောင်း၊ အဆိုပါစစ်ကြောင်းသည် ဇူလိုင်လ ၁၆ ရက်နေ့တွင် နတ်ချောင်းရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ထိတွေ့တိုက်ပွဲတွေက ၁၅ ရက်နေ့ကတည်းက ပြင်းထန်ခဲ့တာ။ အခုတော့ တိုက်ပွဲတွေ ခေတ္တရပ်နားထားပေမဲ့ စစ်ရေးကတော့ တင်းမာနေတုန်းပဲ။ စစ်တပ်က ကလေးမြို့ပေါ်ကနေ လူအင်အားရော လက်နက်ခဲယမ်းတွေရော ဖြည့်တင်းထားတယ်။ မနေ့ကတော့ စစ်တပ်က နတ်ချောင်းရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ နေအိမ်ဘယ်လောက် ပျက်စီးတယ်ဆိုတာကတော့ အတိအကျ မသိရသေးဘူး။ စစ်သားတွေ နတ်ချောင်းရွာထဲမှာ ရှိနေသေးတယ်” ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် နတ်ချောင်းရွာနှင့် အနီးအနားကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကလည်း အနီးနားရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article