ရန်ကုန်| ဩဂုတ် ၃
မြင်းမူမြို့နယ် လက်ပန်ကျင်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က စီးနင်းပြီး အရပ်သား ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံကို ကိုးကားပြီး မြင်းမူသတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။
ဩဂုတ် ၁ရက်က မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ရဟတ်ယဥ် ၄စီးနဲ့အတူ မြင်းမူမြို့နယ် လက်ပန်ကျင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်အကြမ်းဖက်ခဲ့တာဖြစ်ပါတယ်။
ဩဂုတ် ၁ရက်က လေယာဉ်နဲ့ပစ်ခတ်လို့ ကွမ်းခြံထဲက ပြည်သူတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ထွန်စက်မောင်းနေသူတစ်ဦး၊ စာသင်ကျောင်းအနောက်ဘက်မှာ အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုပ်ခံရလျက် သေဆုံးခဲ့ပါတယ်။
ဩဂုတ် ၂ရက်မှာတော့ ရွာထဲမှာတင် အသတ်ခံလိုက်ရတဲ့ ပြည်သူ ၆ဦးရဲ့ ရုပ်အလောင်းတွေ့ရပြီး ဒီထက်များနိုင်တယ်လို့ အဲဒီဒေသခံ သတင်းရင်းမြစ်ကို ကိုးကားပြီး မြင်းမူ ပြန်ကြားရေးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခြင်း ခံရတဲ့ အရပ်သားပြည်သူ (လတ်တလော တွေ့ရှိချက်) ၁၀ဦး ဘယ်သူတွေဆိုတာ မြင်းမူ ပြန်ကြားရေးဆီ မေးမြန်းပေမယ့် မရရှိသေးပါဘူး။
နှစ်ရက်အတွင်း အရပ်သား ပြည်သူ ၁၀ဦး သတ်ဖြတ်ခံရတဲ့အပြင် ဓမ္မာရုံနဲ့ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းကိုလည်း လေယာဥ်နဲ့ပစ်ခတ် မီးရှို့ဖျက်ဆီးသွားသလို ကျွဲနွားတွေကိုလည်း သတ်ဖြတ်စားသောက်ခဲ့တာ တွေ့ရပါတယ်။
ဒေသခံရွာသား ၁၄ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ဝတ်စုံဝတ်စေပြီး ဓားစာခံအဖြစ်ခေါ်ဆောင်သွားခဲ့ပြီး ဒီနေ့ ဩဂုတ် ၃ရက်အထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ရွာခံတွေက ပြောဆိုထားပါတယ်။


