35 C
Yangon

ရေဦး၊ တင်းတိမ်ရံကျေးရွာ တိုက်ပွဲတွင် သေဆုံးသော စစ်ဗိုလ်ကို ရွာထဲတွင် အခမ်း အနားဖြင့် မီးသဂြိုလ်ခဲ့ပြီး စစ်ဗိုလ်၏ အမျိုးသားအင်္ဂါနှင့်အူများ မီးမလောင်ဘဲ မီးကွင်းကျန်ရစ်

Must read

ရန်ကုန်၊ ဩဂုတ် ၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာတိုက်ပွဲတွင် စစ်ဗိုလ်တစ်ဦး အပါအဝင် စစ်ကောင်စီဘက်မှ ၂၅ ဦးသေဆုံးခဲ့ပြီး သေဆုံးသွားသော စစ်ဗိုလ်ကို ရွာထဲတွင် အခမ်းအနားဖြင့် မီးသဂြိုလ်ရာတွင် စစ်ဗိုလ်၏ အမျိုးသားအင်္ဂါနှင့် အူများမှာ မီးမလောင်ဘဲ မီးကွင်းကျန်ရစ်သည်ကိုတွေ့ရကြောင်း အာ ဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ အထိ အင်အား ၁၄၀ ခန့်ပါသော စစ်ကြောင်းသည် တင်းတိမ်ရံကျေးရွာကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ ယင်းစစ်ကြောင်းကို DRPA ၊FRF၊KUGF ၊ Hero Army ၊ ဗိုလ်လရောင်(LDF)၊ ရွှေဘိုခရိုင်ရင်း(၁၂)၊ ဒေသခံကာကွယ်ရေးအဖွဲ့များပါသော ပူးပေါင်းတပ်က ဇူလိုင်၂၈ ရက်မှ ၃၁ ရက်အထိ ခြောက်ကြိမ်တိုင်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦး အပါအဝင် ၂၅ ဦးခန့် သေဆုံးခဲ့ကြောင်း DRPAက သတင်းထုတ်ပြန်ခဲ့သည်။

“တိုက်ပွဲမှာ သေသွားတဲ့စစ်ဗိုလ်ကို ရွာထဲမှာ တာယာကွင်းတွေ ပုံပြီး အခမ်း အနားပုံစံနဲ့ အမိန့်ပြန်တယ်။ အဲဒီစစ်ဗိုလ်ရဲ့ ယောင်္ကျား အင်္ဂါကြီးနဲ့ အူတွေ ကျန်ခဲ့တယ်။ သူတို့ထွက်သွားပြီး ကျနော်တို့ ရွာထဲ ဝင်ကြည့်တော့ တွေ့တာ။ အတွင်း သတင်းပေးက ဗိုလ်ကြီး သေတာ အတည်ပြုတယ်။ နေရာတစ်ခုကို သေချာပြင်ဆင်ထားတာတွေ့တယ်။ ကားတာယာတွေနဲ့ သေချာ မီးရှို့ထားတာ။ အဲဒီအထဲမှာမှ အူတွေနဲ့ ယောင်္ကျား အင်္ဂါကြီးက ကျန်နေတာ။ ကျန်တာတွေကတော့ အကုန်လောင်တယ်” ဟု DRPA ရဲဘော်က ပြောသည်။

ရေဦးမြို့နယ် တင်းတိမ်ရံရွာကို ဇူလိုင် ၂၈ ရက်နေ့မှစတင်၍ ဇူလိုင် ၃၁ ရက်နေ့ အထိ ၄ ရက်တိုင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူများ နေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ရာ ဆန်စက် ၄ လုံး၊ ဈေးဆိုင်ခန်း ၂၀၀ ကျော်နှင့် နေအိမ် ၁၀၀ ကျော် မီးလောင် ဆုံးရှုံးသွားကြောင်း၊ မီးမရှို့ခင် ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူသွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဇူလိုင် ၂၈ ရက်‌နေ့ ည ၇ နာရီ စဝင်လာတာ ။ လေးရက် တိတိမီးရှို့ခဲ့တာ။ ဆန်စက်လေးလုံး၊ ဈေးဆိုင်ခန်း ၂၀၀ ကျော်၊ လူနေအိမ် ၁၀၀ ကျော် ။ မရှို့ခင် ကားတွေနဲ့ သူတို့လိုချင်တာ အကုန်ယူပြီးမှ ရှို့တာ။ ဈေးကတော့ တစ်ဈေးလုံး ပြောင်ပြီ။ ပိုင်ဆိုင်သမျှကတော့ ကုန်ပြီပေါ့ဗျာ။ ဘာဆက်လုပ်ကြရမှန်း မသိကြတော့ဘူး တစ်ရွာလုံး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

တင်းတိမ်ရံရွာတွင် အိမ်ခြေ ၃၀၀ နှင့် ၄၀၀ ကြားရှိ ကျေးရွာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက ရွာထဲ ဝင်ရောက်ချိန်တွင် လက်နက်ကြီးငယ်များနှင့် ပစ်ခတ်၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ပြည်သူများက ကြိုတင်ထွက် ပြေးကြသည့်အတွက် အထိအခိုက် မရှိကြောင်း၊ ဇူလိုင် ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ ပြန်ထွက်သွားပြီး ဒီပဲယင်းမြို့တော်ခန်းမထဲတွင် တပ်စွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article