ရန်ကုန်၊ ဩဂုတ် ၅
မကွေးတိုင်း၊ မြိုင်မြို့နယ် အရှေ့ပိုင်း ကျောက်ဆောက်ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ယနေ့ ဩဂုတ် ၅ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ ဒုတိယအကြိမ် မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
“မနေ့က မနက်ကတည်းက ရွာကို ဝင်လာကြပြီး ရွာထဲက နွားတွေ ဝက်တွေကို သတ်စားနေကြတာ။ မနေ့နဲ့ ဒီနေ့ တိုက်ပွဲ ဖြစ်တယ်လည်း မကြားမိဘူး။ မနေ့က မနက်ပိုင်း စဝင်လာတာ။ ဝင်လာတော့ သေနတ်တွေဖောက်ပြီးဝင်လာတာပြည်သူတချို့ ထိမှန်သေဆုံးတယ်လို့ ကြားပေမယ့် အတိအကျတော့ ပြောမတတ်ဘူး။ ရွာထဲမှာလည်း ပြည်သူတချို့ကို ဓားစာခံဖမ်းထားတယ်။ ဇူလိုင် ၂၈ ရက်နေ့ကလည်း ရွာကို စစ်တပ်က တစ်ခါမီးရှို့ခဲ့တာ။ နေအိမ် ခုနစ်လုံးခန့် မီးလောင်ပျက်စီးခဲ့ရတယ်။ အခု စစ်တပ်က တစ်ခါထပ်ရှို့နေတာပါ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
ကျောက်ဆောက်ရွာသည် ပခုက္ကူ ၊မြိုင် ကားလမ်းဘေးရှိ အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိ စံပြရွာကြီးဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီများ ဝင်ရောက်မှုကြောင့် ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ဖက်ခတ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်း မီးရှို့လျက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဖက်ခတ်ကျေးရွာကို စစ်တပ်နှင့်ပျူစောထီးများက ပူးပေါင်းမီးရှိုနေ့ခြင်းဖြစ်ပြီး ပျူစောထီးများသည် တောင်ဖြူနှင့် ပန်ဆက်ကျေးရွာမှ ပျူစောထီးများဖြစ်သည်ဟု သိရှိရသည်။
ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်တပ်က မီးရှို့နေသော ကျောက်ဆောက်ကျေးရွာကို အဝေးမှ မြင်တွေ့ရစဉ်။


