26 C
Yangon

ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီးတွင် AA နှင့် စစ်ကောင်စီတို့ ယ​နေ့ တိုက်ပွဲဖြစ်​နေ

Must read

ရန်ကုန်၊ သြဂုတ် ၁၃

ရခိုင်ပြည် ရသေ့တောင်မြို့နယ် ချိန်ခါလီနှင့် ဒုံးပိတ် ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယနေ့ သြဂုတ် ၁၃ ရက် နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲမှာ နံနက် ၈ နာရီအချိန်ခန့်မှ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ချိန်ခါလီနှင့် ဒုံးပိတ်ကျေးရွာသားများမှာ အနီးနားရှိ ကိုးတန်ကောက်ကျေးရွာများသို့ရှောင်တိမ်းနေရသည်ဟု ချိန်ခါလီကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲကရွာနဲ့ အနီးလေးမှာဖြစ်တာပါ။ ကျနော်တို့ရွာသားတွေ ကိုးတန်ကောက်ကိုထွက်ပြေးလာရတယ်။ အဲ့မှာက မြန်မာစစ်တပ်ကတပ်ချထားတွေရှိတယ်။ AA နဲ့ဖြစ်တာလို့ထင်တယ်။ တစ်ခြားတပ်တွေလည်းသိပ်မရှိဘူးလေ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားစဥ်တွင် ဒုံးပိတ်ကျေးရွာမှ နွားကျောင်းသွားနေသည့် သူတစ်ဦး တိုက်ပွဲကြားတွင် သေနတ်မှန်၍ သေဆုံးကာ တစ်ခြားကျေးရွာသားများလည်း ထိခိုက်မှုရှိနေသည်ဟု ကျေးရွာသားတစ်ဦးကပြောသည်။

“နွားကျောင်းထွက်သွားတာ။ တိုက်ပွဲဖြစ်တော့ ရွာထဲလည်းပြန်မဝင်နိုင်လောက်ဘူးနဲ့တူပါတယ်။ နှစ်ဖက်ပစ်နေတဲ့ကြားမှာ ကျည်မှန်ပြီးသေတယ်တဲ့။ တစ်ခြားလူတွေလည်း ထိခိုက်ထားတာတွေရှိတယ်” ဟုပြောသည်။

အဆိုပါ ဧရိယာတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဘူးသီးတောင်မှာ ထွက်လာသည့် ခရီးသည်တင်ကားများမှာလည်း ရပ်ထားရသည်ဟု ခရီးသည်တစ်ဦးကပြောသည်။

“ကားတွေအကုန်ရပ်ထားရတယ်။ ရှေ့တိုးလို့လည်းမရသလို နောက်ဆုတ်လို့လည်းမရဘူး။ သေနတ်သံတွေကတော့ နှစ်ဖက်ပစ်ခတ်မှုတွေ မနက်ပိုင်းကကြားရတယ် ၉ နာရီနောက်ပိုင်း လက်နက်ကြီးသံတွေပဲကြားရတော့တယ်။ ဒီမှာက မြန်မာစစ်တပ်က ချထားတဲ့ဂိတ်တွေတော့ လမ်းတစ်လျှောက်ပဲ” ဟုပြောသည်။

ရခိုင်ဒေသတွင် ယခုလပိုင်းအတွင်း မောင်တောမြောက်ပိုင်းနှင့် ပလက်ဝဖက်တို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်မှုတို့ဆက်တိုက်လုပ်ဆောင်လာနေသည်ဟုလည်း ရက္ခိုင့်တပ်တော်၏ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခကပြောဆိုခဲ့သည်။

(Western News-WNသည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article