32 C
Yangon

‘စစ်ခွေးတွေကို ပြန်တိုက်ချင်လို့ CDM ဝင်တာ’ ဟု ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ် ခမရ ၆ မှ တပ်သား စောဂျွန် ပြောဆို

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

ပြည်သူတွေကို ဒုက္ခပေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်လိုသည့်အတွက် CDM ပြုလုပ်လာခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ၊ အုပ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ မှ တပ်သား စောဂျွန်က ပြောဆိုသည်။

CDM တပ်သား စောဂျွန် ဖွင့်ဟဝန်ခံထားသည့် တပ်တွင်းဖိနှိပ်ချုပ်ချယ်မှုများနှင့် CDM ပြုလုပ်သည့်အကြောင်းများ ဗီဒီယိုကို ကရင်နီပြည်သူ့ရင်ခွင်က ထုတ်ပြန်ထားသည်။

“စစ်ခွေးတွေကို ပြန်တိုက်ချင်လို့ CDM ဝင်လိုက်တာ၊ တခြား ရည်ရွယ်ချက်မရှိဘူး။ တပ်ထဲက သူငယ်ချင်းတွေကိုလည်း ပြောထားတယ်၊ ငါကတော့ ပြေးမှာ၊ ပြေးပြီး PDF ထဲဝင်ပြီး မင်းတို့ကို ပြန်ကြိတ်မှာလို့ ပြောထားတယ်။” ဟု တပ်သား စောဂျွန်က ပြောဆိုသည်။

တပ်သားစောဂျွန်သည် အသက် ၁၉ နှစ်သာ ရှိသေးပြီး အစ်မဖြစ်သူနှင့် စကားများပြီးနောက် နေပြည်တော်၊ ဘောဂသီရိကားဝင်း၌ စစ်မှုထမ်းဟောင်းတယောက်၏ လီဆယ်မြှူဆွယ်ခြင်းခံရကာ စစ်တပ်ထဲ ရောက်သွားခဲ့ကြောင်း သိရှိရသည်။

“ကျနော်က အစ်မနဲ့ စကားများပြီးတော့ နေပြည်တော်၊ ဘောဂသီရိကားဝင်းကို သွားတယ်။ ပိုက်ဆံက မပါဘူး၊ အဲဒီမှာ စစ်မှုထမ်းဟောင်းတစ်ယောက်နဲ့တွေ့တယ်။ အသက်က ငယ်သေးတော့ စစ်တပ်ထဲ ဝင်ရင် ဘာလုပ်ရမှာလဲ ကျနော် မသိဘူး။ အဲဒီအချိန်က စစ်အာဏာသိမ်းထားတာတော့ သိတယ်။ ကျနော်ကလည်း အိမ်နဲ့ စကားများလာတာဆိုတော့ ဂျင်းထည့်တာ ခံလိုက်ရတာပေါ့ဗျာ။ စစ်တပ်ထဲမှာ ဆေးလိပ်သောက်လို့ရတယ်၊ ကွမ်းစားလို့ရတယ်၊ ကြိုက်တာလုပ်လို့ရတယ်။ သင်တန်းက ၆ လ တက်ရမယ်၊ ၈ လ ၁ နှစ်လောက်ရောက်ရင် မင်း ပြန်ထွက်ချင် ပြန်ထွက်လို့ရပြီ တဲ့။ ကျနော်ကလည်း အာရုံနောက် စိတ်ရှုပ်နေတဲ့အချိန်မှာ တိုက်ဆိုင်သွားတာ။ စစ်တပ်ထဲရောက်မှ မကောင်းမှန်းသိတယ်” ဟု တပ်သားစောဂျွန်က ဆက်ပြောသည်။

လက်ရှိတွင် CDM တပ်သား စောဂျွန်၏ သူငယ်ချင်း ၂ ဦးမှာ ရှေ့တန်းတွင် သေဆုံးပြီဖြစ်ကြောင်း၊ တပ်တွင်း၌ ဖိနှိပ်ချုပ်ချယ်မှုများကြောင်း ဘာသာရေးဖိနှိပ်မှုများ ရှိကြောင်း ဝန်ခံသည်။

“ကျနော့် သူငယ်ချင်း ၂ ယောက် ရှေ့တန်းမှာသေပြီ၊ နောက်တန်းမှာ ၃ ယောက် ကျန်တယ်။ စစ်တပ်ထဲနေခဲ့တော့ သူတို့ ပညာတော့ ရခဲ့တာပေါ့ဗျာ။ ကျနော့် ဘဝ စုတ်ပြတ်သတ်အောင် အဲ့ကောင်တွေ လုပ်လိုက်တာ၊ အခုထိ အိမ်လည်း မပြန်ရဘူး၊ မိဘတွေနဲ့လည်း အဆက်အသွယ်မလုပ်ရသေးဘူး။ မိဘနဲ့ မတွေ့ရတာတောင် ၂ နှစ် ရှိပြီ။ ကျနော်က ခရစ်ယာန်၊ ဘုရားကျောင်းတက်ချင်တာ ပေးမတက်ဘူး။

တပ်ထဲမှာ ကျန်ခဲ့တဲ့သူတွေကို ဖိတ်ခေါ်တယ်။ ဒီမှာက လွတ်လွတ်လပ်လပ်နေရတယ်၊ ပြန်တိုက်ချင်လည်း တိုက်၊ မတိုက်ချင်လည်း ရတယ်။ ညီလို အစ်ကိုလိုပဲ ဆက်ဆံတယ်။ စစ်တပ်လိုလဲ အာဏာမပြဘူး၊ ကျနော်ကတော့ သေသေရှင်ရှင် ပြန်တိုက်မယ်၊ ကိုယ့်နိုင်ငံကလွဲပြီး ဘယ်မှ မသွားချင်ဘူး။” ဟု CDM တပ်သား စောဂျွန်က ကရင်နီပြည်သူ့ရင်ခွင်ကို ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article