ရန်ကုန်၊ ဩဂုတ် ၂၆
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာတွင် သေဆုံး စစ်သားများအတွက် အမိန့်ပြန်တမ်းဖတ်နေသည့် အကြမ်းဖက်စစ်တပ် ဩဂုတ်လ ၂၆ ရက် ယနေ့ နံနက် ၁၀ နာရီခွဲတွင် အီနာဂါဗုံး (ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ရသည့်ဗုံး) ဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား အနည်းဆုံး ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း ပြည်သူ့တပ်မတော်-မြောင်က သတင်းထုတ်ပြန်သည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီဝင်များကို ညနေ ၄ နာရီခွဲအချိန်တွင်လည်း အီနာဂါဗုံးသီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သော်လည်း ဒရုန်း Signal လွတ်၍ ပြန်ခေါ်ခဲ့ရသည့်အတွက် စစ်ဆင်ရေး မအောင်မြင်ခဲ့ကြောင်း၊ ဒရုန်စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မြောင်) စစ်ကိုင်းခရိုင် တပ်ရင်း(၂)၊ မြောင်တပ်ခွဲ(၃)မှ တပ်ခွဲမှူးနှင့် အဖွဲ့၊ CDSOM ၏ Drone အဖွဲ့နှင့် CDSOM ၏ မြောက်ပိုင်း 012 အဖွဲ့၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ CRF Myin mu ၊ Myaung Fighters၊ People Defense Force – Taloke (မြင်းခြံခရိုင်တပ်ရင်း ၂)၊ MGN Ranger ၊ MGB Tiger၊ Wolf Brothers နှင့် ရေလယ်ကျွန်းဒေသခံကာကွယ်ရေးအဖွဲ့များမှ အတူပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်လည်း ကလေးတက္ကသိုလ်ဘက်မှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း အရှေ့ဘက်သို့ ခြေလျှင်လျှောက်လာပြီး စက်မှုဇုန်တံတားအနီးတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့်ကို ယနေ့ နံနက် ၆ နာရီခွဲ ဝန်းကျန်ခန့်တွင် မိုင်းများဖြင့် ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိအဆင့် တစ်ဦးအပါအဝင် ၃ ဦးသေကာ ၁၀ ဦးထက် မနည်း မိုင်းထိမှန်ဒဏ်ရာရရှိသွားကြောင်း PDF (Kalay) က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို PDF (Kalay) ၏ မြို့ပြပျောက်ကျားစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိုင်းခွဲခံရသည့် စစ်ကောင်စီတပ်သည် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ အရပ်သား ပန်းရံလုပ်သား ၂ ဦးကို ဖမ်းဆီးသွားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုင်းခွဲတိုက်ခိုက်ရာနေရာအနီးတွင် ဖြတ်သန်းသွားသည့် ပြည်သူ တစ်ဦး မိုင်းထိမှန်ခဲ့သည့်အတွက် PDF (Kalay) တပ်ဖွဲ့ဝင်များက အနူးအညွှတ်တောင်းပန်ကြောင်းနှင့် စစ်ကောင်စီတပ်များကို ဝေးဝေးမှ ကြိုတင်ရှောင်ရှားရန် မေတ္တာရပ်ခံကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပုံစာ – ကလေးမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖြိုခွင်းနေသော အကြမ်းဖက်စစ်သားများ