ရန်ကုန်၊ စက်တင်ဘာ ၁
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရွှေနှင့်ဒေါ်လာစျေးနှုန်းများ ပြန်လည် ကျဆင်းသော်လည်း ကျစျေးဖြင့် ရွှေနှင့်ဒေါ်လာ အရောင်းအဝယ် မလုပ်ဘဲ အရောင်းရပ်ထားကြသည်ဟု စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“ရွှေစျေးက လိုက်ကျတာက ဒေါ်လာကျလို့ လိုက်ကျတာ။ အရင်တက်တုန်းကလည်း ဒေါ်လာတက်လို့ လိုက်တက်တာပဲ။ တက်စျေးမှာ ဝယ်ထားသူကတော့ မရောင်းဘူး။ ဒေါ်လာကလည်း ငွေလဲနှုန်း ကျတယ်ဆိုတာက ဒေါ်လာ သန်း ၂၀၀ ရောင်းပေး မယ်ဆိုတဲ့ အရှိန်နဲ့ကျတာ။ အခုတော့ ကြားတာက ရွှေက ၃၁ သိန်း နဲ့ ၃၂ သိန်းအကြား ဝန်းကျင်ကြားတယ်။ ဖွင့်တုန်းက ၃၄ လောက် တချို့ဖွင့်တယ်။ တချို့က ၃၅ လောက် ဖွင့်ကြတယ်။ စျေးကတော့ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ လာရောင်းသူ မရှိဘူး။ တက်စျေးတုန်းက ဝယ်ထားသူကလည်း မြန်မာငွေ မကိုင်ချင်လို့ကို ဝယ်ထားတာ။ ရေရှည်က စကားပြောပါလိမ့်မယ်” ဟု ရွှေကုန်သမားတစ်ဦးက ပြောသည်။
အလားတူ ဒေါ်လာစျေးကွက်တွင်လည်း အမေရိကန်တစ်ဒေါ်လာလျှင် နံနက်ပိုင်း ငွေကျပ် ၄၁၀၀ ဝန်းကျင်ဖြင့် စျေးဖွင့်ခဲ့ပြီး ယခု ၃၅၀၀ နှင့် ၃၈၀၀ အကြား စျေးရှိကြောင်း သိရှိရသည်။
“ဒေါ်လာ ဝယ်အားကတော့ ကျသွားတယ်။ ရောင်းသူလည်း ပျောက်တယ်။ ဝယ်မယ့်သူကတော့ ဝယ်မယ်ဆိုတော့ ပစ္စည်းရှာမရဘူး။ အဖမ်းအဆီးနဲ့ ဒေါ်လာ သန်း ၂၀၀ သတင်းဟော့တာကြောင့်” ဟု ဒေါ်လာဝယ်ရောင်းက ဆိုသည်။