ရန်ကုန်၊ စက်တင်ဘာ ၄
ရန်ကုန်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ UN ရုံးရှေ့တွင် စက်တင်ဘာလ ၄ ရက် ယနေ့နံနက်၌ ‘UN Prove Your Existence for Justice’ စာသား ချိတ်ဆွဲကာ တောင်းဆိုဆန္ဒပြပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြုလုပ်ကြသည်။
ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာပြည်သူများကို ကိုယ်စားပြုသည့် သံအမတ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသားငြင်းပယ်ရေးအတွက် ဆန္ဒပြခြင်းဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY အဖွဲ့ထံမှ သိရှိရသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်မည်ဟုဆိုသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများ၏ သဘောထားဆန္ဒကိုလေးစားရန်နှင့် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ကြရန် မိမိတို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုက အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။