22.2 C
Yangon

သထုံမြို့နယ်၊ ကြာဘန်းစစ်ဆေးရေးဂိတ်အနီးရှိ စစ်ကောင်စီ ကင်းတဲ ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်း၊ ကြာဘန်းကျေးရွာစစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီကင်းတဲကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၅ ရက် ယနေ့ ညနေ ၇ နာရီ ၅ မိနစ်တွင် ၄၀ မမ ဖြင့် သွားရောက်ပစ်ခတ်ရာ ကင်းတဲကို ထိမှန်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း သတင်းရရှိသည်။

“စစ်ဆေးရေးဂိတ်နားက ကင်းတဲမှာ စစ်သားနဲ့ ရဲတွေ ထိုင်ပါတယ်၊ ခန့်မှန်း ၁၀ ယောက်လောက် ရှိပါမယ်။ ၄၀ မမ နှစ်လုံး ပစ်တာပါ၊ ကင်းတဲကို ထိမှန်သွားတာမို့ ထိခိုက်မှုရှိပါတယ်။ သူတို့ဘက်က လက်နက်ကြီးရယ် စက်လက်ရယ် ရမ်းပစ်ပါတယ်၊ ကျနော်တို့ အထိအခိုက်မရှိ ပြန်ဆုတ်ခွာခဲ့ပါတယ်။” ဟု သထုံ ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကြာဘန်းစစ်ဆေးရေးဂိတ် ရဲကင်း ပစ်ခတ်ခံရပြီးနောက် အဆိုပါနေရာတဝိုက် မီးအမှောင်ချထားပြီး လမ်းများ ပိတ်ထားခဲ့ကြောင်း လက်ရှိတွင် ကားများ ပြန်လည်သွားလာနေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေသေးကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

အဆိုပါ ကြာဘန်းစစ်ဆေးရေးဂိတ်အနီး မိုင်ဝက်ခန့် အကွာတွင် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၆ တပ်ရင်း အခြေစိုက်ထားသည်။

တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုစာရင်းကို ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျှက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article