28 C
Yangon

ရှမ်းပြည်နယ်၊ ဆီဆိုင်ရှိ စစ်တပ်ဂိတ်စခန်း ၂ ခုကို PDF ဝင်တိုက်မှု စစ်သား ၂၀ ဦးထက်မနည်း သေနိုင်၊ လောင်းလုံးတွင် ပျူစောထီးကား ပစ်ခတ်ခံရပြီး သေဆုံးမှုများနိုင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော် ကျေးရွာရှိ စစ်ကောင်စီတပ်၏ ရွာအရှေ့ဘက်ကစခန်းနှင့် ရွာတောင်ဘက်စခန်းကို PDF တပ်များက ယနေ့ နံ နက်ပိုင်း ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက် မနည်းသေဆုံးနိုင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“နောင်ထော်ကျေးရွာ အရှေ့ဘက်စခန်းနဲ့ တောင်ဘက် စခန်းက စခန်းတစ်ခုမှာ စစ်သား ၁၀ ဦးကျော်လောက်ပဲရှိတဲ့ စခန်းသးလေးတွေ။ ပုံမှန် ခါတိုင်းဆိုရင် စစ်တပ် စခန်းတစ်ခုမှာ စစ်သား ၁၀ယောက်ကျော်ပဲချထားတယ်။ PDF တွေ လာ ပစ်တာ စစ်တပ် စခန်း ၂ ခုကျသွားတာ။ မနက် ၅နာရီခွဲလောက်ကနေ ၈ နာရီ လောက်အထိ လာပစ်သွားတာ။ ပစ်ပြီး ပြန်ဆုတ်သွားတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သား ၂၀ ကျော်လောက် သေတယ်။ ပွန်ချောင်းဘက်ကနေ PDF တွေ တက်လာကြတာ။ ပွန်ချောင်းအရှေ့နည်းနည်းမှာတင် PNLA တပ် စခန်း ချထားတာရှိတယ်” ဟု နောင်ထော်ကျေးရွာဒေသခံက ဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်က ယနေ့ နံနက် ၉ နာရီမထိုးခင်အချိန်တွင် တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်သွားကြောင်း၊ လေယာဉ်ဖြင့် လာပစ်ချိန်တွင် PDF များ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“နော်ထော် စစ်တပ် ဂိတ်တွေက ဆက်ကြေးတောင်းတဲ့ဂိတ်တွေ ၊ပြည်သူကိုအော်ဆဲ လမ်းသွားလမ်းလာ ငွေတောင်းနေတာ။ အခုလို တပ်ဂိတ်တွေ ကျသွားတာတော့လည်း ဝမ်းသာတာပေါ့” ဟု ကျေးရွာသားက ဆက်လက် ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာအနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန် ပျူစောထီးကားတစ်စီးပစ်ခတ်ခံခဲ့ရကြောင်း၊ အဆိုပါ ပျူစောထီးကားသည် လောင်းလုံးရဲစခန်းထဲမှ ထွက်လာသည့် Vigo ကားဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ထိခိုက်သေမှုများရှိနိုင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကားမှန်တွေကြေမွပြီး တော်တော်ပျက်စီးသွားတယ်ပြောတယ်။ အရေးပေါ်ကားသံတွေလည်းဆူညံနေတာပဲ။ ထားဝယ်ဘက်ကလည်း အရေးပေါ်ကား၂စီးဆင်းတယ်။ နှစ်ယောက်သေတယ် သုံးယောက်သေတယ်အမျိုးမျိုးကြားတယ်။ ဘာမှသေချာမသိသေးဘူး” ဟု ဒေသခံရွာသားတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ဂိတ်ချစစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- အီးပီအေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article