ရန်ကုန်၊ စက်တင်ဘာ ၁၅
ရခိုင်ပြည်နယ်တွင် AA နှင့် ဖြစ်ပွားသော တိုက်ပွဲများ အပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် သေဆုံးသွားကြသော အရာရှိနှင့် စစ်သားများ၏ အလောင်းပြန်မရဘဲ နာရေးရက်လည် တိုးတိုးတိတ်တိတ်လုပ်နေရကြောင်း ဒေသခံများ၊ တပ်တွင်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
“တပ်ပြင်မှာနေတဲ့ မိသားစုတွေကတော့ နာရေး ရက်လည်ဆွမ်းသွပ်ကို သူတို့ မိဘဆွေမျိုးအိမ်တွေမှာ လုပ်လို့ရတယ်။ တပ်ထဲမှာနေတဲ့သူတွေကတော့ စု ပေါင်း နာရေး ရက်လည်ဆွမ်းသွပ်ကို အပြင်ဘုန်းကြီးကျောင်းတစ်ကျောင်း သို့မဟုတ် တပ်ဓမ္မာရုံလို နေရာမျိုးမှာ ဘုန်းကြီးတွေပင့်ပြီး နာရေးမိသားစုတွေအားလုံး စုပေါင်း တစ်ခါတည်း လုပ်ခိုင်းတယ်။ တပ်ထဲမှာတော့ နာရေးက ဗိုလ်တွေရော ရဲဘော်တွေအရမ်းများတဲ့အခါ တပ်ထဲမှာ တစ်အိမ်ကို နာရေးတစ်ခု အလုပ်မခံတော့ဘူး။ စုပေါင်း လုပ်ခိုင်းတယ်။ နာရေးကြော်ငြာ၊ ဝမ်းနည်း ကြေ ကွဲ ကြောင်း သတင်းစာမှာ ကြော်ငြာ ထည့်လို့မရဘူး။ လူမှုကွန်ရက် မတင်ရဘူး။ အဲဒီစည်းကမ်းချက်တွေလည်း ထုတ်ထားတယ်။ အိမ်မှာ ကျဆုံးတဲ့သူရဲ့ ဓာတ်ပုံလေးထောင်ပြီးထမင်းတွေ ဘာတွေ တင်ပေါ့။ အသုဘအိမ်လိုမျိုး နာရေးကုလားဖျင်းထိုးတာတွေကိုတော့ တပ်ထဲမှာ ပေးမလုပ်ဘူး” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့လာသည့် ခမရ ၃၅၂ ဘူးသီးတောင်မှ တပ်ကြပ်ဖြိုးဝေ အသက် ၄၂ နှစ် နာရေးဖိတ်စာတွင်လည်း အလောင်းပြန်မရသည့်အတွက် သဂြိုလ်သည့် နာရေး မလုပ်နိုင်ဘဲ ပဲခူး၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့နယ်၊ သရက်ကုန်းရပ်ကွက်တွင် ရက်လည် ဆွမ်းသွပ်တရားနာပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ မြန်မာ-ထိုင်းနယ်စပ် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန် က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ ခလရ ၂၆၅ တပ်ဒုတပ်ရင်းမှူး အပါဝင် စစ်သားများ သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားကြသည့် အရာရှိနှင့်ရဲဘော်များမှာ
၁-ဗိုလ်မှူးနိုင်ဝင်းအောင်
၂-တပ်ကြပ်တင်ဝင်း
၃-ဒုတပ်ကြပ်စိုင်းကော့မှူး
၄-ဒုတပ်ကြပ် ဇော်ဝင်းထွန်း
၅-ဒုတပ်ကြပ်ရဲကျော်သူ
၆-ဒုတပ်ကြပ်ကျော်ဇေယျ
၇-ဒုတပ်ကြပ်ခင်လှိုင် တို့ ဖြစ်ကြပြီး ၎င်းတို့အတွက် ရက်လည်ကို စက်တင်ဘာလ ၁၂ ရက်နေ့ ကော့သောင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် စုပေါင်း ရက်လည် ဆွမ်းသွပ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။