30 C
Yangon

မရမ်းကုန်း အောင်သပြေ ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ လိုင်းခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ရွှေပြည်သာမြို့တော်ခန်းမ၊ တောင်ဒဂုံနှင့်မြောက်ဒဂုံတို့တွင်လည်း ဗုံးများပေါက်ကွဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်း၊ မရမ်းကုန်း အောင်သပြေစစ်ကြောရေး ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ အိမ်ထောင်သည်လိုင်းခန်းကို အဝေးထိန်းမိုင်းဖြင့် ယနေ့ညပိုင်းဖောက်ခွဲ တိုက် ခိုက်ကြောင်း ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့Last Battle (PDF)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ည ၉ နာရီအချိန် မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ စစ်ကောင်စီ လက်အောက်ခံ အောင်သပြေရဲတပ်ဖွဲ့ဝင်း၊ အိမ်ထောင်သည် လိုင်းခန်း ကို အဝေးထိန်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှု မရှိ၊ ဘေးကင်း လုံခြုံစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ စီးပွားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ထောက်တိုင်များ၏ ဝေးရာမှ ရှောင်ကြဉ်သွားလာကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း Last Battle (PDF) တာဝန်ခံ သက္ကရာဇ််က ပြောသည်။

“ဗုံးပေါက်ကွဲသံကြားရတယ်။ အသံအရမ်းကျယ်ပါတယ်။ အောင်သပြေ ရဲဝင်းဘက်ကလား၊ ဘွိုင်လာသင်တန်းကျောင်းဘက်ကလား သေချာမသိပါဘူး။ ခဏနေတော့ ရဲတချို့လာစစ်တာတွေ့တယ်။ လူထိ မထိလည်း မသိရဘူး။ ဗုံးပေါက်တာတော့မှန်ပါတယ်” ဟု မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ မြောက်ဒဂုံနှင့်တောင်ဒဂုံတို့တွင်လည်း ယနေ့ည ၉ နာရီဝန်းကျင်အချိန် ဗုံးများအသီးသီးပေါက်ကွဲခဲ့ပြီး အခြေအနေအသေးစိတ်မသိရှိရသေးပေ။‌

ထို့ပြင် ရွှေပြည်သာမြို့နယ် မြိုနယ်ခန်းမဘက်တွင် ယနေ့ ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲသံကြားရကြောင်း၊ ရွှေပြည်သာမြို့နယ် ခန်းမသည် စစ်ကောင်စီတပ်တချို့ တပ်စွဲထားသည့်နေရာဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ- ညအချိန်ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article