ရန်ကုန်၊ စက်တင်ဘာ ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ပြည်ထောင်စုလမ်းဘေးရှိ ကြံ့ဖွတ် မြို့နယ်နှင့် ခရိုင် တွဲကာ ဖွင့်လှစ်ထားသည့် ကြံ့ဖွတ်ရုံး မြေကွက်ကို အကွက်များ ရိုက်ကာ ပွဲစားများမှတဆင့် ရောင်းချနေကြောင်း မြစ်ကြီးနားမြို့ခံများ ထံမှ သိရှိရသည်။
အဆိုပါ ရုံးနေရာသည် Hotel Madira အနီး ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး အလျား ၂၇၀ ပေ၊ အနံ ၉၀ ပေ ရှိကြောင်း သိရှိရပြီး မြေကွက်တစ်ခုလုံးကို သိန်းပေါင်း ၅၂,၀၀၀ ကျပ်ဖြင့် ဈေးခေါ်ထားသလို အကွက်များ ရိုက်ကာ ပွဲစားများမှတဆင့် ရောင်းချနေကြောင်းလည်း သိရှိရသည်။
“တစ်ဝန်းလုံးဆိုရင် သိန်းပေါင်း ၅၂,၀၀၀၊ ပေ ၃၀x၉၀ တစ်ကွက်စီနဲ့ ကိုးကွက်ပိုင်းပြီးရောင်းနေတာလည်းရှိတယ်၊ ၆၀x၉၀ ဝယ်မယ်ဆိုလည်းရတယ်၊ ၁၂၀x၉၀ ယူမယ်ဆိုလည်း ရတယ်” ဟုမြစ်ကြီးနား ကြံ့ဖွတ်ရုံးနှင့် နီးစပ်သည့် ပွဲစားတစ်ဦးက ပြောသည်။
အဆိုပါ မြေကွက်ကို ရောင်းချရာတွင် ပွဲစားများက ကြံ့ဖွတ်ရုံးမြေကွက်ဟု မဖော်ပြကြဘဲ ပြည်ထောင်စုလမ်းမဘေး Hotel Madira အနီးရှိ မြေကွက်ဟုသာ ပြောဆို ရောင်းချနေကြခြင်းလည်း ဖြစ်သည်။
“ပွဲစားတွေက လိုင်းပေါ်မှာ ကြံ့ဖွံ့ရုံးလို့ မရေးဘူး၊ မဒီယာဟိုတယ်ရှေ့က မြေကွက်လို့ ရေးကြတယ်။ ရောင်းရတဲ့ငွေတွေကို လာမယ့်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက်သုံးမယ်လို့ သိရတယိ။ ၂၀၁၅ တုန်းကလည်း KBZ ဘဏ်ရှေ့က မြိုနယ်ကြံ့ဖွံ့ရုံးကို ကျပ်သိန်းသုံးသောင်းနဲ့ ရောင်းချခဲ့တယ်” ဟု မြစ်ကြီးနား ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ ကြံ့ဖွတ်ရုံးသည် ဧပြီလအတွင်း၌ ဖောက်ခွဲခံရပြီး ပျက်စီးမှုအချို့ ရှိခဲ့ကြောင်းလည်း သိရှိရသည်။
NLD အစိုးရလက်ထက် ရပ်ဆိုင်းထားသည့် စီတာပူရပ်ကွက်မှ မြေကွက်ကိုလည်း စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ခက်ထိန်နန်နှင့်ပေါင်းပြီး ၂၀၂၂ ခုနှစ်အတွင်း၌ ရောင်းချလိုက်ကြောင်း၊ ဝယ်ယူသည့်သူသည်လည်း ကြံ့ဖွတ်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်း ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
မြစ်ကြီးနားမြို့နယ် ကြံ့ဖွတ်ပါတီပိုင်ဆိုင်သည်ဟုဆိုသည့် မြေနေရာများစွာရှိပြီး အဆိုပါ မြေကွက်များသည် ကြံ့ခိုင်ရေးအသင်း စတင်တည်ထောင်စဉ်ကာလက စစ်တပ် တိုင်းမှူးများနှင့်ပေါင်းကာ အများပြည်သူပိုင်မြေများကို အဓမ္မသိမ်းယူထားခဲ့သည့် နေရာများ ဖြစ်ကြောင်းလည်း သိရှိရသည်။