30 C
Yangon

မြစ်ခြေ- ကျွန်းချောင်းနယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ပြည်သူပိုင် အိမ်များ အပါအဝင် တန်ဖိုး ငွေကျပ် သိန်းပေါင်း ၂၂၇၀ ခန့် ဆုံးရှုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြစ်ခြေ- ကျွန်းချောင်းနယ်အတွင်း စစ်တပ်က ၉ ရက်အတွင်း ပြည်သူ့နေအိမ် ၅၉ လုံးကို မီးရှို့ဖျက်ဆီးမှု အပါအဝင် စုစုပေါင်း တန်ဖိုး သိန်းပေါင်း ၂၂၇၀ ခန့် ဆုံးရှုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်တပ်က ဂဝံလေးတိုင်ရွာတွင် နေအိမ် ၁၆ လုံး၊ မြစ်ဖျားရွာတွင် နေအိမ် ၄၃ လုံး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးပမာဏာ စုစုပေါင်း သိန်း ၁၇၇၀ ခန့် ဆုံးရှုံးခဲ့ကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ထို့ပြင် သုံးဘီးတစ်စီး၊ ကားတစ်စီးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကားပေါ်တွင် ဆန်အိတ် ၇၀ ပါဝင်ပြီး ကုန်ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ခန့်မှန်းခြေ သိန်း ၅၀၀ ဝန်းကျင် ဆုံးရှုံးခဲ့ရကြောင်း၊ ပြည်သူများ၏ ပျက်စီးဆုံးရှုံးမှုများအတွက် များစွာ စိတ်မကောင်း ဖြစ်ရကြောင်းလည်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ မြစ်ဖျားရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသော ပခုက္ကူ မြို့နယ် မြစ်ဖျား ရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် ဖျက်ဆီး မီးရှို့ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ် မီးရှို့မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး မကြာသေး ခင်ကလည်း ပထမအကြိမ်အဖြစ် မီးရှို့ခံခဲ့ရကြောင်း သိရှိရသည်။

“ဒီမနက် စစ်တပ်က မီးရိူ့ သွားပါတယ်။ မြစ်ဖျား ရွာ က အိမ်ခြေ ၃၀၀ ဝန်းကျင် ရှိပါတယ်။ ဒီနေ့ အရိူ့ခံရတာ ဒုတိယအကြိမ်ပါ။ ပထမ တစ်ခါ အရှို့ခံရတုန်းက အိမ်ခြေ၁၀၀ မီးလောင်သွားခဲ့ပါတယ်။ အခု ကျန်တဲ့ အိမ်ခြေ ၂၀၀ ကို .နှစ်နေရာ ခွဲ ရှို့သွားပါတယ်။ တစ်ရွာ လုံး ကုန်ဖို့များပါတယ်။ မနေ့က ဂဝံလေးတိုင်ရွာ ကို မီးရှို့ သွားတဲ့ စစ်ကြောင်းပဲ။ စစ်ကြောင်းထွက်ပြီး ရွာတွေကို ပတ်ပြီး မီးရှို့နေတာ။ ပြည်သူတွေ လည်း အဖမ်းခံရတယ်” ဟု ဒေသခံတစ်ဦးက ပြော ဆိုသည်။

မကွေးတိုင်းပခုက္ကူ မြို့နယ် နှင့် ဆိပ်ဖြူ မြို့နယ် အစပ် ယောချောင်း တစ် လျှောက် ကျေးရွာများကို စစ်တပ်က စစ် ကြောင်းထိုး မီးရှို့ သတ်ဖြတ် ဖမ်းဆီးနေခြင်းဖြစ်ပြီး ပြည်သူသောင်းချီ ထွက်ပြေးနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ပခုက္ကူမြို့နယ်၊ မြစ်ဖျားကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article