26 C
Yangon

ပြည်ပသို့ လူငယ်များ ထွက်ခွာမှု များပြားနေ၍ တားဆီးကြပ်မတ်ရန်၊ ပြည်ပထွက်မည်ဆိုပါက လစာ၏ ရာခိုင်နှုန်း မည်မျှကို ပြည်တွင်းထံ ပြန် လည်ပေးပို့ရမည်ဆိုသော စာချုပ် တစ်ပါတည်း လက်မှတ်ရေးထိုးခိုင်းရန် မင်းအောင်လှိုင် ညွှန်ကြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပ နိုင်ငံများသို့ လူငယ်များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန်နှင့် ပြည်ပထွက်ခွာသွားသော အလုပ်သမားများအနေဖြင့် လစာ၏ ရာခိုင်နှုန်း မည်မျှကို ပြည်တွင်း ပြန်လည်ပေးပို့ရမည် ဆိုသော စာချုပ်ကို လက်မှတ်ရေးထိုးခိုင်းရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် မင်းအောင်လှိုင်က ညွှန်ကြားချက် ၁၀ ချက်ပေးခဲ့ပြီး ယင်းတို့အနက်တွင် အချက် ၂ ချက်မှာ ပြည်ပသို့ လူငယ်များ ထွက်ခွာနေမှုများနှင့်ပတ်သက်၍ တင်းကျပ်ရန် အမိန့်ပေးခြင်းဖြစ်သည်။ (အစည်းအဝေးတွင် မင်းအောင်လှိုင် ညွှန်ကြားသည့် လျှို့ဝှက် အမိန့် အချက် ၈ ချက်ကိုလည်း ရန်ကုန်ခေတ်သစ်က ထပ်မံ သတင်းဖော်ပြပါမည်။)

ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာနေမှုကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ်စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်နှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ရန် မင်းအောင်လှိုင်က ညွှန်ကြားပြောဆိုသည်။

ထို့ပြင် ပြည်ပသို့ လူငယ်များ သွားရောက် အလုပ်လုပ်ကိုင်သူများအနေဖြင့် ပြည်တွင်းသို့ လစာ၏ ရာခိုင်နှုန်း မည်မျှ ပေးပို့ရန် ဆိုသော အချက်ကိုလည်း စာချုပ်အဖြစ် ထည့်သွင်းကာ ပြည်ပမထွက်ခင်ကတည်းက တစ်ပါတည်း လက်မှတ်ရေးထိုးခိုင်းရန် အမိန့်ပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ပြည်တွင်းတွင် ပြည်ပ ထွက်ခွာနိုင်ရေး နိုင်ငံကူးလက်မှတ်လုပ်ရန် အလွန်ခက်ခဲနေပြီး လာဘ်ပေးလာဘ်ယူမှုများမှာလည်း အလွန်ကြီးထွားနေကြောင်း ပြည်ပထွက်ခွာရန် ကြိုးစားနေသည့် လူငယ်များထံမှ သိရှိရသည်။

“ပြည်ပထွက် အလုပ်လုပ်ဖို့က နိုင်ငံကူးလက်မှတ် လုပ်ဖို့တင် အတော်ကိုခက်ခက်ခဲခဲလုပ်နေရပါတယ်။ ပတ်စ်ပို့ အမြန်လုပ်ချင်ရင် ၅ သိန်းလောက်ကို ပေးနေရတာတွေလည်းရှိနေပါတယ်” ဟု မအူပင်မှ လူငယ်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းချိန်မှစတင်ပြီး လူငယ်များ အလုံးအရင်းဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာနေခြင်းဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article