ရန်ကုန်၊ စက်တင်ဘာ ၂၈
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ညွှန်ကြားချက်အရ သင်္ဘောသား လစာများအားလုံး အပြည့်အ၀ မြန်မာ နိုင်ငံအတွင်းသို့ ပြန်လွှဲရမည်ဖြစ်ပြီး လစာအပြည့် ပြန်မလွှဲသော သင်္ဘောသားများကို သင်္ဘောလိုက်ခွင့်များ ကန့် သတ်မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။
“ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာနဲ့ သင်္ဘောသားတွေရဲ့ လစာတွေ ပြည် တွင်းကို အကုန် ပြန်ဝင်လာဖို့ အထက် က သေချာလုပ်ရမယ်ဆိုပြီး ညွှန်ကြားချက်တွေ ထွက်လာပါတယ်။ နစက ဥက္ကဋ္ဌ ကိုယ်တိုင် ညွှန်ကြားတာ။ အခုအဲဒါကို လုပ်နေကြပြီ။ သင်္ဘောသားလစာတွေကိုလည်း ပြည်ပ ဒေါ်လာဝင်ငွေ အရင်းအမြစ်အဖြစ် ပြန်ဝင်လာအောင် လုပ်တာပါ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။
သင်္ဘောသားများအနေဖြင့် လစာ အပြည့်အ၀ ပြန်လည် မလွှဲပါက သင်္ဘောသားလုပ်သက်မှတ်တမ်း CDC ၊ သင်္ဘော သား မြန်မာနိုင်ငံကူး လက်မှတ် (သင်္ဘော သားပတ်စ်ပို့) များကို ထိန်းချုပ်ကန့်သတ်မှုများ လုပ်ဆောင်ရန် ရှိနေကြောင်း၊ သင်္ဘောသားများကို လစာ ပြည်တွင်းသို့ ပြန်လွှဲပါမည်ဆိုသော ခံဝန်ချက်များ လက်မှတ်ရေးထိုးခိုင်းရန် လည်းရှိနေကြောင်း သိရှိရသည်။
“သင်္ဘောသားအလုပ်အကိုင်ကတော့ စစ်ကောင်စီရဲ့ခွင့်ပြုချက် ထိန်းချုပ်မှုအောက် မှာ အပြည့်ရှိတယ်။ ဌာနအနေနဲ့ပြောရင်တော့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသားဌာနခွဲ က ထိန်းချုပ်ထားတာ။ CDC တို့နိုင်ငံကူးလက်မှတ်တို့ဆိုတာက သူတို့ ထုတ်မပေးရင် မရဘူး။ နောက်ပြီး အခြား အရာရှိလက်မှတ်တွေ၊ အခြေခံ 4 Tickets လို လက်မှတ် တွေကလည်း ဝန်ကြီးဌာနဘက်က ထုတ်ပေးတာဆိုတော့ ကန့်သတ်ချက်တွေ လုပ်ရင်တော့သင်္ဘောသားတွေက လစာအကုန်ပြန်လွှဲကြရမှာပဲ” ဟု ဝါရင့်သင်္ဘောသားတစ်ဦးက ပြောသည်။
လက်ရှိတွင် သင်္ဘောသားများအားလုံးကို လစာများ ပြည်တွင်းသို့ ပြန်လည် လွှဲခိုင်းနေပြီး မဖြစ်မနေ လွှဲပြောင်းရန် ဖိအားပေးနေကြောင်း သိရှိရသည်။
” စကစလက်ထက်မှာ တချို့သင်္ဘောသားတွေက လစာတွေကို နိုင်ငံခြားဘဏ်အကောင့်ထဲထည့်သိမ်းထားတာမျိုးရှိတယ်။ အဲဒါကို မဖြစ်မနေ ပြန်လွှဲခိုင်းတယ်။ ဒေါ်လာ၁ထောင်၂ထောင်လောက်လွဲမယ်ပြောတာမရဘူး။ လစာအပြည့် ဒေါ်လာ ၉၀၀၀၊ ၁ သောင်း ပြန်လွှဲခိုင်းတယ်။ အခုတော့ မဖြစ်မနေ လွှဲရမယ်ဆိုတာမျိုးလုပ်လာတယ်။ စစ်တပ်က လက်နက်ဝယ်ဖို့ ဒေါ်လာလိုနေတာလားမသိဘူး” ဟု ပြည်ပသင်္ဘောလိုင်းဝန်ဆောင်မှုနှင့်ဆက်နွယ်သူတစ်ဦးက ဆိုသည်။
ပြည်တွင်း ပုဂ္ဂလိက ဘဏ်များကလည်း သင်္ဘောသားလစာများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ပေးမည်ဖြစ်ကြောင်း ကြော်ငြာမှုများ တရားဝင် လုပ်ဆောင်ပြီး ငွေလွှဲကြရန် တိုက်တွန်းမှုများ လုပ်ဆောင်နေကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပင်လယ်ကူးသင်္ဘောသား ၇ သောင်းဝန်းကျင်ရှိပြီး သင်္ဘောသား ၂ သောင်းနှင့် ၃ သောင်းအကြားမှာ ပြည်ပသင်္ဘောများတွင် အလုပ် လုပ်ကိုင်လျက်ရှိသဖြင့် အနည်းဆုံး လစဉ် ဒေါ်လာ သန်း ၃၀ ထက်မနည်း ပြည်တွင်းသို့ ပြန်လည် ပို့ဆောင်စီးဝင်ကြောင်း ဝါရင့်သင်္ဘောသားများသတင်းရပ်ကွက်က ခန့်မှန်းပြောဆိုသည်။
