31 C
Yangon

ထောင်ဒဏ်နှစ် ၇၀ ကျော် ချမှတ်ခံထားရသည့် အင်းစိန် လူမိုက်၊ မူးယစ်ရာဇာ ကျော်ဝင်းစိန်နှင့်အဖွဲ့ကို ပြန်လွှတ်ပေးပြီး စစ်တပ်က ပျူစောထီးအဖြစ် အသုံးပြု ၊ စစ်တပ် ဆန့်ကျင်သူများကို မိသားစုတစ်ခုလုံး သတ်မည်ဟု လူမိုက်အဖွဲ့က ခြိမ်း ခြောက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်ုတိုင်း၊ အင်းစိန်မြို့နယ်တွင်၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှုများဖြင့် ထောင်ဒဏ် ၆၅ နှစ်ကျော် ကျခံနေရသည့် အင်းစိန်လူမိုက် မူးယစ်ရာဇာ ကျော်ဝင်းစိန်နှင့်အဖွဲ့ကို ထောင်မှ ပြန်လွှတ်ပေးပြီး ပျူစောထီးများအဖြစ် စစ်တပ်နှင့်အတူ ကင်းလှည့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများ လုပ်ဆောင်ခိုင်းထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အင်းစိန်လူမိုက် ကျော်ဝင်းစိန်နှင့် ညီဖြစ်သူ ကျင်ဟုတ်တို့သည် စစ်ကောင်စီလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်တပ်၏ လက်ကိုင်တုတ် ပျူစောထီးများဖြစ်လာကြောင်း၊ အင်းစိန် ကမ်းနားအလယ်၊ အောင်ဇေယျာအိမ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးမြင့်၊ ရာအိမ်မှူး ပိုကြီးတို့နှင့်အတူ ပြည်သူများကို ညှဉ်းပန်းနှိပ်စက် လျက်ရှိကြောင်း၊ နိုင်ငံရေးလုပ်သူ၊ စစ်တပ်ဆန့်ကျင်သူများကို မိသားစုအလိုက် သတ်ဖြတ်မည်ဟု လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့က ခြိမ်းခြောက် နေကြောင်း သိရှိရသည်။

” အောင်ဇေယျာအုပ်ကြီး စိုးမြင့်နဲ့ ရာအိမ်မှူး ပိုကြီးတို့က လူမိုက်ကျော်ဝင်းစိန်၊ ကျင်ဟုတ်တို့ကကာကွယ်ပေးမှုနဲ့ ပြည်သူတွေကို ငွေ မတရားကောက်ခံတယ်။ အနိုင်ကျင့်တယ်။ ခြိမ်းခြောက်တယ်။ ကျော်ဝင်းစိန်ကလည်း ထောင်ဒဏ် စုစု ပေါင်းနှစ် ၇၀ ကျော်လောက် အချခံထားရာကနေ လွတ်ငြိမ်းနဲ့ ပြန်လွတ်ပြီး တပည့်တွေနဲ့ ကားတဝီဝီပဲ။ စစ်တပ်နဲ့ပေါင်းတယ်။ ပြည်သူတွေကို နိုင်ငံရေးအကြောင်းပြောကြည့်တစ်မိသားစုလုံးသတ်ပစ်မည်ဟုအင်းစိန်ကမ်းနားအလယ် မှာ ကြွေးကြော်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးမှုများကို စစ်တပ်၏ ခွင့်ပြုချက်ဖြင့် ယခု ပြန်လည် လုပ်ကိုင်နိုင်ပြီဖြစ်၍ ငွေကြေး ချမ်းသာလာခြင်းဖြစ်သည်ဟု သိရှိရသည်။

အင်းစိန်၊ ကမ်းနားဘက်တွင် အုပ်ချုပ်ရေးမှူးစိုးမြင့်၊ ရာအိမ်မှူး ပိုကြီး၊ လူမိုက် ကျော်ဝင်းစိန်၊ ကျင်ဟုတ် တပည့်များကို စစ်တပ်က လက်နက် တပ်ဆင်ထားပြီး ညအချိန် ခေမာတောင်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ ပတ္တမြားရပ်ကွက်တို့တွင် ဧည့်စာရင်းစစ်ခြင်း၊ ဧည့်စာရင်းမတိုင်ပါက အိမ်သားအားလုံးကို ရိုက်နှက်ပြီး အဖိုးတန်ပစ္စည်းများလုယူခြင်း၊ ငွေကြေးတောင်းခြင်းများ လုပ်ဆောင်ကြောင်း၊ အင်းစိန်အောင်ဇေယျတံတားနှင့် လျှပ်စစ်မီတာရုံးတွင် ကျော်ဝင်းစိန်လူမိုက်အဖွဲ့နှင့် စစ်တပ်က ပူး‌ပေါင်းလုံခြုံရေးယူထားကြောင်း သိရှိရသည်။

” အင်းစိန်အောင်ဇေယျတံတားမှာ စစ်သား ၇ ဦး၊ လူမိုက် ကျော်ဝင်းစိန်အဖွဲ့ဝင် ၁၄ ဦး၊ အုပ်ကြီး စိုးမြင့်၊ ရာအိမ်မှူး ပိုကြီး စုစုပေါင်း ၂၃ ဦးက လက်နက်ကိုယ်စီနဲ့ အင်းစိန်ဘက်အခြမ်းကို ညတိုင်း ကင်းချတယ်။ မနက် ၄နာရီဆိုရင် ကင်းဖြုတ်တဲ့အခါ လူမိုက် ကျော်ဝင်းစိန်နှင့်ကျင်ဟုတ်က အောင်ဇေယျတိုက်ခန်း သို့မဟုတ် ပတ္တမြားလမ်းနေအိမမှာ မနက်စာစားတယ်။ ဒီကောင်တွေပျုစောထီးဖြစ်သွားတော့ Hummer ကားတွေ စီးပြီး ကင်းလှည့်တာ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် အင်းစိန်မြို့နယ်မှ ပြည်သူတချို့ကို စစ်တပ်နှင့် လူမိုက်ကျော်ဝင်းစိန်အဖွဲ့ကဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးခံရသည့် ပြည်သူတချို့သတင်းအစအနမရရှိဘဲ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။

လက်ရှိတွင် လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် အင်းစိန်အောင်ဇေယျာအိမ်ရာ မီတာရုံးတွင် စစ်တပ်နှင့်အတူ စခန်း ချထားကြောင်း သိရှိရသည်။

လူမိုက်ကျော်ဝင်းစိန်ကို NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိချိန်က လိုင်စင်မဲ့ကား၊ ဆိုင်ကယ်၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၁၃ ခုနှစ်တွင် တွံတေးတွင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲပြီး သိန်း ၂၀၀၀ ဖြင့် အရွေးခိုင်းခဲ့မှု၊ လုယက်မှု များ ကျူးလွန်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်ပင် လှိုင်သာယာ တိုးဂိတ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုခံ တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းကို ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အလုံမြို့နယ်တရားရုံးများက လုယက်မှု၊ ဓားပြမှုများ၊ မူးယစ်မှုများဖြင့် ထောင်ဒဏ် ၆၅ နှစ်၊ ၃ လ ချမှတ်ခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။

လူမိုက်ကျော်ဝင်းစိန်သည် ထောင်ဒဏ်ကျခံနေရချိန် မုပ္ပလင်ကျောက် ထုတ်လုပ်ရေး စခန်းမှ ထွက်ပြေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၁၀ နှစ်ကျော် ထပ်မံ ချမှတ်ခံရသဖြင့် နှစ်ပေါင်းထောင်ဒဏ် ၇၅ နှစ်ကျော် ချမှတ်ခံခဲ့ရကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်၏ လွတ် ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန် လည် လွတ်မြောက်လာသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article