ရန်ကုန်၊ စက်တင်ဘာလ ၂၉
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတော မြောက်ရွာနှင့် တောင်ရွာကို အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦးကို ပစ်သတ်သွားကြောင်း မုံရွာ_အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောပုမြောက်ရွာ(ပျူရွာ)မှ ပျူစောထီးများနှင့် ပူးပေါင်းကာ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကား ၃ စီးဖြင့် တောပုမြောက်ရွာ ပျူစောထီးများ နှင့်ပူပေါင်းပြီး ကြာပိုင်ကျေးရွာမှ ထနောင်းတောမြောက်ရွာသို့ ဦးစွာဝင်ရောက်လာကြောင်း၊ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးကာ စက်တင်ဘာလ ၂၇ ရက်နေ့ ညတွင် ထနောင်းတောမြောက်ရွာ ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်များတွင် လူခွဲအိပ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထနောင်းတောတောင်ရွာရှိ ပြည်သူပိုင်နေအိမ် ၃ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ်နီးပါး ဝင်ရောက် မွှေေနှောက်သွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ပေါ်မှ အလုပ်လုပ်ပြီး ပြန်လာသည့် ကိုအောင်ကျော်မင်း (ဘုဘကျေးရွာနေသူ)အား ထနောင်းတောမြောက်ရွာအဝင် လမ်းမကြီးပေါ်မှာတွင် ပစ်သတ်သွားကြောင်း ထို့နောက် ယင်း နေရာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ် (MPDF – ဆားလင်းကြီးတပ်ခွဲ)မှ ရဲဘော်တစ်ဦးအား အရှင်မိပြီး နှိပ်စက် ပစ်သတ် သွားကြောင်း သိရသည်။
Photo – မုံရွာ_အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့