30 C
Yangon

မင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ ခရိုနီလက်နက်ပွဲစား ထွန်းမင်းလတ်နဲ့ ပတ်သက်နေတဲ့ ထိုင်းလွှတ်တော်အမတ် Upakit Pachariyangkun ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆို

Must read

#

မြန်မာခရိုနီ စီးပွားရေးလုပ်ငန်ရှင်တစ်ဦးဖြစ်တဲ့ ထွန်းမင်းလတ်ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် ဒေါက်တာထွန်းမင်းလတ်နဲ့ ကာလရှည်ကြာ စီးပွားဖက်အဖြစ်လက်တွဲလုပ်ကိုင်နေတဲ့ ထိုင်းလွှတ်တော်အမတ် Upakit Pachariyangkun ကို စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်ပက်သက်နေတာတွေအတွက် တာဝန်ခံစေရေး ထိုင်းလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ထွန်းမင်းလတ်နဲ့ ထိုင်းလွှတ်တော်အမတ် Upakit Pachariyangkun တို့ဟာ မြန်မာစစ်တပ်နဲ့ စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်ကြီးတွေကို ငွေကြေးထောက်ပံ့ပေးတဲ့ သတ္တုတူးဖော်ရေး၊ စွမ်းအင်စီမံကိန်းတွေနဲ့ တရားမဝင် ကာစီနိုလုပ်ငန်းတစ်ခုတို့ကို ပူးတွဲလုပ်ကိုင်ခဲ့ကြပြီး သူတို့နှစ်ဦးဟာ ကာလရှည်ကြာလက်တွဲနေတဲ့ စီးပွားရေးမိတ်ဖက်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

ထွန်းမင်းလတ်နဲ့ Upakit တို့နှစ်ဦးဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ထားတဲ့ Allure Group ကို အတူတကွ ထိန်းချုပ်ထားပါတယ်။

Allure Groupကတော့ ထိုင်းနိုင်ငံ ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ဆီက လျှပ်စစ်ဓါတ်အား ဝယ်ယူခြင်းကတဆင့် မူးယစ်ဆေးဝါးက ရရှိငွေတွေကို ငွေကြေးခဝါချဖို့ လုပ်တဲ့အစီအစဉ်မှာ အဓိကနေရာက ပါဝင်နေတယ်လို့ Justice For Myanmar က ဆိုပါတယ်။

Allure ကုမ္ပဏီကတဆင့် လျှပ်စစ်မီးတင်သွင်းဖို့ တာချီလိတ်လျှပ်စစ် မီးလင်းရေးကော်မတီနဲ့ ချုပ်ဆိုတဲ့ ၂၀၁၄ ခုနှစ် သဘောတူစာချုပ်ကို ထွန်းမင်းလတ်နဲ့ Upakit တို့နှစ်ဦးလုံးက စီမံကြီးကြပ်ခဲ့ပြီး တခြားသော Allure Resort နဲ့ ကာစီနိုလုပ်ငန်းတွေဟာလည်း ငွေကြေးခဝါချမှုအစီအစဉ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

Upakit ဟာ ယခင်မြန်မာစစ်အာဏာရှင်လက်ထက်၊ ၁၉၉၉ ခုနှစ်က ထွန်းမင်းလတ်ရဲ့ ဖခင်ဖြစ်သူ အဲ့ဒီအချိန်က ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ခင်မောင်လတ်နဲ့ သဘောတူစာချုပ်တစ်ရပ် ရေးထိုးပြီး Allure Resort နဲ့ ကာစီနိုလုပ်ငန်းတို့ကို ဖွင့်လှစ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အာဏာရလာပြီးနောက်ပိုင်း အဲ့ဒီမြေနေရာငှားရမ်းခတွေကို မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးဆီ လွှဲပြောင်းပေးခဲ့ကြောင်း Distributed Denial of Secretsက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်စာရွက်စာတမ်းတွေအရ သိရှိရပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ Upakit ဟာ ထိုင်းစစ်အစိုးရက ခန့်အပ်တဲ့ လွှတ်တော်အမတ်နေရာ ထမ်းဆောင်ဖို့အတွက် Myanmar Allure ကုမ္ပဏီဘုတ်အဖွဲ့က နုတ်ထွက်ခဲ့ပြီး သူရဲ့ ရှယ်ယာတွေကိုလည်း ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

သူနှုတ်ထွက်ခဲ့ပေမယ့် သူ့ကိုယ်စား သားမက်ဖြစ်သူ Dean Young Gultula နဲ့ အစားထိုးခဲ့တာလို့ JFM က ဆိုပါတယ်။ Dean Young Gultulaဟာ Adisara Gultula ရဲ့ ခင်ပွန်းဖြစ်ပြီး Adisara Gultulaကတော့ သူ့ရဲ့ဇနီးဟောင်း Pareena Kaikupt တို့ရဲ့ သမီးဖြစ်ပါတယ်။

Pareena Kaikupt ဟာ ဖယ်ရှားခံခဲ့ရတဲ့ ရတ်ချဘူရီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့အပြင် ရာထူးကရပ်ဆိုင်းခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကို လူသိရှင်ကြား ထောက်ခံသူတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာကော်ပိုရိတ် မှတ်ပုံတင်စာရင်းအရ ပြီးခဲ့တဲ့သုံးနှစ်အကြာက Myanmar Allure ကနေ Upakit တရားဝင် နုတ်ထွက်ခဲ့ကြောင်း ဖော်ပြထားပေမယ့်လည်း၊ အဲ့ဒီလွှတ်တော်အမတ်က သူ့အနေနဲ့ ၂၀၁၅ ခုနှစ်မှာ နုတ်ထွက်ခဲ့တယ်လို့ ကြာသပတေးနေ့က ထိုင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

လွှတ်တော်ထဲ ဝင်ရောက်ပြီးနောက်ပိုင်း Upakit က သူရဲ့ကြိုးကိုင် ကိုယ်စားလှယ်တွေကနေတဆင့် Allure ကုမ္ပဏီမှာ သူရဲ့ပါဝင်မှုကို ဆက်လက်ထားရှိခဲ့ပါတယ်။

Dean Young Gultula နဲ့ ထွန်းမင်းလတ်တို့ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးသွားပြီးတဲ့နောက်ပိုင်း လွှတ်တော်အမတ် Upakit Pachariyangkun လည်း လက်ရှိမှာ ချောင်ပိတ်မိနေပြီလို့ JFMက ဆိုပါတယ်။

အရင်ထိုင်းလွှတ်တော်အမတ်ဟောင်းဖြစ်သူ Ruangkrai Leekitwattana က Upakit ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတဲ့ စာတစ်စောင်ကို နိုင်ငံအဆင့် အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးကော်မရှင်ဆီ ပေးပို့ခဲ့တယ်လို့သိရပါတယ်။

Move Forward Party လွှတ်တော်ကိုယ်စားလှယ် Rangsiman Rome က အဲ့ဒီအမှုအခင်းအကြောင်း ရှင်လင်းပြောဆိုဖို့ ထိုင်းအစိုးရကို တောင်းဆိုထားလို့ လူထုအကြားစိတ်ဝင်စားမှုတွေလည်း မြင့်တက်လာနေပြီ လို့ JFM က ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ သူရဲ့စီးပွားရေး ဆက်ယှက်မှုတွေကတဆင့် ကြံရာပါပတ်သက်မှုတွေ အပါအဝင် သူရဲ့ လုပ်ရပ်တွေအတွက် Upakit ကို တာဝန်ခံစေရေး ဆောင်ရွက်ပေးဖို့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို Justice For Myanmar အဖွဲ့က တောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article