23 C
Yangon

ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ရာထူး ခင်ရီ ရရှိမှု မဘသနှင့် အမျိုးသားရေး အစွန်းရောက်များ အောင်ပွဲခံ၊ တပ်နှင့်ကြံ့ဖွတ်ပါတီ တစ်သားတည်းကျ၍ အနောက်နိုင်ငံစွက်ဖက်မှုနှင့် ဘာသာခြားကြီးစိုးမိုးမှု မရှိနိုင်တော့ဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

မင်းအောင်လှိုင် စီမံထားသည့်အတိုင်း ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ရာထူးကို ခင်ရီက တရားဝင် ရရှိသွားချိန် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များက အောင်ပွဲခံနေကြပြီး တပ်နှင့် ကြံ့ဖွတ်ပါတီ တစ်သား တည်း ကျနေပြီဖြစ်၍ အနောက်နိုင်ငံကြီးများ၏ စွက်ဖက်မှုနှင့် ဘာသာခြားကြီးစိုးမှု မရှိနိုင်တော့ဟု အမျိုးသားရေး အစွန်းရောက်များက ပြောဆိုကြသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ရာထူးကို သန်းဌေးက ခင်ရီထံသို့ တရားဝင် လွှဲပြောင်း ပေးအပ်လိုက်ပြီး ယင်းသို့ ပေးအပ်ချိန်တွင် မဘသနှင့် အမျိုးသားရေးသမားများက ခင်ရီနှင့် ကြံ့ဖွတ်ပါတီ အလုပ်အမှုဆောင် များထံ လှမ်း၍ နှုတ်ခွန်းဆက် အောင်ပွဲခံကြကြောင်း၊ အောက် တိုဘာလ ၅ ရက်နေ့ ညပိုင်းတွင် အောင်ပွဲခံသည့် ပွဲတချို့ကို သိုသိုသိပ်သိပ်ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

“ဥက္ကဋ္ဌကြီးဆိုပြီး Congratulation လုပ်ကြတယ်။ ဥက္ကဋ္ဌကလည်း အားလုံးလက်တွဲလုပ်ရမယ် ဘာညာပေါ့။ အောင်ပွဲ ခံနေကြတာ။ တချို့ အမျိုးသားရေး သမားတွေက နီးစပ်ရာ အောင်ပွဲခံ သောက်ပွဲ သိုသိုသိပ်သိပ်လုပ်ကြတယ်” ဟု ရန်ကုန်မှ အမျိုးသားရေးအသိုင်းအ၀ိုင်းနှင့်ထိစပ်သူက ပြောသည်။

ဟိဏ်းဝေယံကမူ ခင်ရီ ကြံ့ဖွတ်ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် အမတ်လောင်းများ၊ နောင်ပေါ်လာမည့် တိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် ဝန်ကြီးနေရာများ လျာထားမှုများပင် ရှိနေသည်ဟု သိရှိရကြောင်း ပြောဆိုသည်။

“မန္တလေး ကြံ့ဖွတ်ရုံးမှာ ဘယ်သူက တိုင်းလျှပ်စစ်ဝန်ကြီးလုပ်မယ်တွေ ဘာတွေတောင် ရွေးကုန်ကြပြီတဲ့။ အောင်ပွဲခံနေကြတာလည်း ဟုတ်တယ်။ ကျနော်တို့ မျှော်လင့်နိုင်တာက ခင်ရီဟာ မဘသ နဲ့ အမျိုးသားရေး ခေါင်းကိုင်ဖခင်ကြီး ဖြစ်တဲ့အတွက် လာမယ့် ကာလတွေမှာ ပိုမိုကြမ်းတမ်း ရက်စက်မယ့် အနာဂတ်တွေဆီကို ကြံ့ဖွတ်ပါတီက သွားနေတယ်ဆိုတာပါပဲ။ အစွန်းရောက်တွေ မဘသတွေ၊ သွေးသောက်တွေ ပျူစောထီးတွေနဲ့ ကြံ့ဖွတ်တွေ ပိုပူးပေါင်းပြီးတော့ လူသတ်ပွဲတွေ ပိုများလာမယ်” ဟု ဟိဏ်းဝေယံက ဆိုသည်။

ကြံ့ဖွတ်ခင်ရီက ၎င်း ဥက္ကဋ္ဌ ဖြစ်သည့်နေ့တွင် ကိုလိုနီကျွန်ပြုလိုသည့် နိုင်ငံကြီးတချို့၏ ဝင်ရောက်စွက်ဖက်မှုကို စစ်တပ်နှင့်ပူးပေါင်း၍ ကာကွယ်မည်ဟု ဆိုသည်။

“ခေတ်သစ် ကိုလိုနီကျွန်ပြုလိုတဲ့ ကမ္ဘာ့နိုင်ငံကြီးအချို့ရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ ၊ တစ်ဖက်သတ်ကျတဲ့ မီဒီယာများရဲ့အမှားကို အမှန်လုပ်ယူနေမှုတွေကြောင့် နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး အကောင်းဆုံး အခြေအနေဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေရချိန်မှာ ကျွန်တော်တို့ ပါတီဘက်ကလည်း ကျရာအခန်းကဏ္ဍကနေ ဒီကဏ္ဍတွေကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက် ဖြေရှင်းသွားကြဖို့လိုကြောင်းလည်း တင်ပြလိုပါတယ်”ဟု ခင်ရီက ပြောသည်။

မဘသနှင့် အမျိုးသားရေးအသိုင်းအ၀ိုင်းကမူ စစ်တပ်တွင် မင်းအောင်လှိုင်၊ ပါတီတွင် ခင်ရီရှိနေပြီဖြစ်၍ ဘာသာခြား ကြီးစိုးမှုကို လုံး၀ ကာကွယ်နိုင်သွားပြီဖြစ်သည်ဟု ဆိုကြသည်။

“ဘာသာခြားတွေအတွက်ကတော့ နေရာမရှိတော့ဘူး။ NLD လက်ထက်တုန်းကလို ခရစ်ယာန် ဒုသမ္မတ၊ ခရစ်ယန် လွှတ်တော်ဥက္ကဋ္ဌ တွေ နောက်ထပ် ပေါ်လာစရာလည်းမရှိဘူး ။ အမျိုး ဘာသာ သာသနာအတွက် စိတ်ချလို့ရပြီဆိုပြီး အမျိုးသားရေးသမားတွေက ပြောနေတာ” ဟု မဘသ၊ အမျိုးသားရေးသမားများနှင့် ချိတ်ဆက်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ကြံ့ဖွတ်တွင် ခင်ရီက ဥက္ကဋ္ဌ၊ မြတ်ဟိန်း နှင့် လှထွန်းက ဒုတိယဥက္ကဋ္ဌ ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် တင်အောင်ချစ် က ရယူထားပြီး ဒုတိယဥက္ကဋ္ဌ ၁ နေရာနှင့် အထွေထွေအတွင်းရေးမှူး ၁ နေရာကိုမူ စစ်တပ်ဘက်မှ ကူးပြောင်း လာမည့် ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစား ၂ ဦးအတွက် ချန်လှပ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အောက်တိုဘာလ ၅ ရက်နေ့တွင် ကြံ့ဖွတ် ဥက္ကဋ္ဌ ရာထူး ရရှိသွား၍ ပြုံးပျော်နေသော ခင်ရီ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article