ရန်ကုန်၊ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသ ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
အောက်တိုဘာ ၃ ရက်နေ့ နံနက် ၉ နာရီ အချိန် အင်အား ၄၅ ဦးခန့်ရှိသော စစ်တပ်စစ်ကြောင်းက ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးကြောင်း သိရှိရသည်။
“မြေပြင်မှာ တိုက်ပွဲလည်း မရှိဘဲနဲ့ ပစ်တာ။ သေဆုံးသူကတော့ မနှင်းပါ။ အသက် က ၄၀ ဝန်းကျင်လောက်ရှိမယ် ။နောက်ထပ်တစ်ယောက်လည်း ဒဏ်ရာရထားတာရှိသေးတယ်။ ရွာသားတွေကတော့ အကုန်ထွက်ပြေးနေရတယ်။စစ်တပ်ကတော့ ရွာထဲက နေမထွက်သေးဘူး။ ကူတော်ရဲစခန်းဘက် သွားမယ်လိုတော့ထင်တယ်”ဟု မောင်းထောင်ဒေသခံတစ်ဦးကပြောသည်။
မောင်းထောင်ရွာသည် ဘုတလင်မြို့နှင့် ၄ မိုင်ကျော် ကွာဝေးပြီး အိမ်ခြေ ၅၀၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာလည်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က မောင်းထောင်ရွာကို စစ်တင်ဘာလအတွင်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဒေသခံရွာသူတစ်ဦးသေဆုံပြီး ၃ဦးဒဏ်ရာခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့တွင်တာဝန်ထမ်းဆောင်နေသောကျောင်း လဆရာမောင်ဝင်းသန်းအပါအဝင် ပြည်သူ ၄ ဦးကို အောက် တိုဘာလ ၆ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ အတူ အဖမ်းခံရသူ ၂ ဦး ပြန်လွတ်လာသောလည်း ကျောင်းဆရာမောင်ဝင်းသန်းမှာ လွတ်မြောက်လာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
“ကျောင်းဆရာမောင်ဝင်းသန်းအပါဝင်နောက်သုံးယောက်ကိုပါဖမ်းသွားတာ။ ကျောင်းဆရာအပါဝင်လေးယောက်ဖမ်းသွားတာမှာ ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျောင်းဆရာမောင်ဝင်းသန်းကိုပြန်မလွှတ်ဘူး။ ပြန်လွှတ်လာတဲ့လူနဲ့ဖုန်းပြောဖို့စီစဥ်ပေးလို့ရပါတယ်။ ဖမ်းတာက ပလက်ဝကိုကူးတဲ့တံတားပေါ်တွင်ဖမ်းတာပါ။ ဘာကြောင့်ဖမ်းတာလဲ မသိရဘူး ။ ပြန်လွတ်လာတဲ့သူတွေကို မေးတော့ သူတို့ကိုမျက်စိပိတ်ပြီး ခေါ်သွားတယ်လို့ပြောပါတယ်။ ဘယ်ကိုခေါ် သွားမှန်းမသိဘူး။ ခေါ်သွားတဲ့နေရာရောက်တော့ တစ်ယောက်တစ်ခန်းစီထားပါတယ်လို့ပြောတယ်။ ပြန်လွှတ် ပေးတဲ့အခါမျက်လုံစည်းးထားတဲ့ဟာကိုဖြုတ်ပြီး မေးတယ်ရိုက်လားနှိပ်စက်မေးပြီးပြန်လွှတ်လိုက်တယ်။ကျောင်း ဆရာ မောင်ဝင်းသန်းကိုတော့ မလွှတ်ပေးဘူး။ တွေ့လည်းမတွေ့ရတော့ဘူးလို့ ပြောတယ်” ဟု ကျောင်းဆရာမောင်ဝင်းသန်း၏ မိတ်ဆွေက ပြောသည်။
ထို့ပြင် မန္တလေးတွင် နေထိုင်နေသည့် CDM ကျောင်းဆရာမ ဒေါ်ဆုရည်မွန်လည်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပျောက်ဆုံးသွားပြီး သတင်းအစအနမရတော့ကြောင်း မိတ်ဆွေဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ဒေါ်ဆုရည်မွန်က အာဏာသိမ်းပြီးကတည်းက CDM လုပ်ထားတာ။ အခု သူ စက်တင်ဘာလ ၂၇ ရက်နေ့ကတည်း က ပျောက်နေတယ်။ သူ့မှတ်ပုံတင်ကလည်း ၅/ ဖြစ်နေတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီလောက်က ပျောက်သွားတာ။ မန္တလေးမှာ အဆောင်ငှားနေတာပါ။ ဖုန်းတွေအကုန်လုံးလည်း စက်ပိတ်ထားတယ်” ဟု မိတ်ဆွေတစ်ဦးက ဆိုသည်။
ပျောက်ဆုံးနေသည့် ဒေါ်ဆုရည်မွန်သည် ကသာမြို့နယ်မှ မူလတန်းပြ ဆရာဖြစ်ပြီး မန္တလေးတွင် သွားရောက် နေထိုင်စဉ် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။