20 C
Yangon

ဖာပွန်တွင် ကရင်တိုင်းရင်းသား အသက် ၅၀ အရွယ် စောနေသာထူးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်၊ ကျိုက်ထို နှင့်ဘုတလင်တွင်လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူများ ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ကရင်တိုင်းရင်းသား အသက် ၅၀ အရွယ် စောနေသာထူးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း မိတ်ဆွေများနှင့် ဆွေမျိုးက ပြောဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် စောနေသာထူးက ဖာပွန်မြို့ပေါ်သို့ သွား ရောက် ၎င်း၏ ဇနီးနှင့်သားဖြစ်သူထံ ငွေလွှဲကြောင်း၊ ယင်းနောက် နေထိုင်ရာ ဝါးခယ်ထကျေးရွာသို့ ပြန်လာစဉ် လမ်းတွင် မြန်မာစစ်တပ်နှင့် ထိပ်တိုက် တွေ့ဆုံမိပြီး ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ဒေသခံများက စစ်ကြောင်းများရှိ၍ အလောင်းသွားမယူနိုင်ဘဲ KNU မှ ရဲဘော်တချို့က သွားရောက်ကြည့်ရှုပြီး ဓာတ်ပုံရိုက်ယူကာ ပြန်လာကြကြောင်း သိရှိရသည်။

“စောနေသာထူး သေကြာနေ့ ညနေက ဗမာစစ်တပ်နဲ့ လမ်းမှာ တိုးပြီးပစ်သတ်ခံထိတာပါ။ ပစ်သတ်ခံထီတဲ့နေရာက‌ KNU တပ်မဟာ ၅ နဲ့ တပ်မဟာ ၁ အစပ် ကိုကိုပင်ဂိတ်နားမှာ။ သူက ဖာပွန်မြို့နယ် ဝါးခယ်ထရွာက စောနေသာထူးပါ။ သူ့ မိန်းမနဲ့ ကလေးဆီကို ပိုက်ဆံပို့ပြီး အပြန် စစ်တပ်နဲ့တိုးပြီး အစစ်အဆေး အမေးအမြန်းမရှိပစ်သတ်လိုက်တာပါ။ အလောင်းကို KNU ရဲဘော်တွေက သွားကြည့်ပေးတယ်။ ကောက်တော့ ဘယ်သူမှ သွားမကောက်ရဲဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း အောက်တိုဘာလ (၅) ရက်နေ့ ညနေ (၂) နာရီ (၅) မိနစ်တွင် သိမ်ဇရပ်အခြေစိုက် အမြောက်တပ် (အမတ-၃၁၀)မှ လက်နက်ကြီး (၆၀မမ)ဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သောကြောင့် သုံးခွကျေးရွာမှ အမျိုးသမီးတစ်ဦးအား လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။

သိမ်ဇရပ် စစ်ကောင်စီ အမြောက်တပ်မှ ကျေးရွာတွင်းသို့ ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် ၊ သုံးခွကျေးရွာရှိ ကိုအောင်အောင်၏ နေအိမ်ခြံဝန်းအတွင်းကျရောက်ပေါက်ကွဲ၍ ဇနီးဖြစ်သူ အသက် (၃၁) နှစ်ရှိ မမာလာဝင်း၏ မေးရိုးနှင့်ညာဖက်ပေါင်ကို လက်နက်ကြီးစ ထိမှန်ခဲ့ကာ ယခုအခါ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

“လက်နက်ကြီးက ခမရ (၂၀၇) ကပစ်တာ၊ ကျတာကအိမ်နဲ့ (၁၅) ပေလောက်ပဲကွာတယ် မမာလာကတော့ အိမ်နောက်ဖေးမှာ ပန်းကန်ဆေးနေတာ ညာဖက်ပေါင်ကနေတစ်ဆင့် လက်နက်ကြီးစက ဗိုက်ထဲဝင်လို့ ဆေးရုံမှာ ခွဲထုတ်ခဲ့ရတယ်၊ မေးရိုးကိုလည်းထိသွားတယ်” ဟု အမည်မဖော်လိုသူ သုံးခွကျေးရွာသားတစ်ဦးမှ ပြောသည်။

ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီမှ လက်နက် ကြီး ရမ်းသမ်းပစ်ခတ်မှုများ၊ ပြည်သူများအား မတရားဖမ်းဆီးနှိပ်စက်မှုများ၊ ပေါ်တာဆွဲခြင်းများ စသည့်လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှပြောသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အောက်တိုဘာ ၇ ရက်နေ့ ညနေ၆နာရီခွဲအချိန် မုံရွာမှ ဈေးဝယ်ပြန်လာသည့် ခရီးသည်ကားကို ပစ်ခတ်ရာ စျေးသည် ၂ ဦး သေနတ်ထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြော သည်။

“ပစ်တာကတော့ အတော်များတယ်ဗျ။ ဘာကြောင့်ပစ်တာတော့ မသိရဘူး။ကားကတော့ ကျွန်တော်တို့ ဘုတလင်မြို့က ကြက်ဥရောင်းတဲ့ကားပဲ ။ သူတို့က မုံရွာကနေ ကြက်ဥယူပြီး ပြန်လာရာမှာ အခုလို အပစ်ခံခဲ့ရတာ။ ကြက်ဥက တော့ စိုင်ပြင်ကြီးဈေးမှာ ပြန်ရောင်းနေတဲ့ ဈေးသည်ပါ။အခြားဘာမှတော့ မလုပ်ပါဘူး။ပစ်ချင်လို့ကို ဒီခွေးတွေကပစ်ကြတာပါ” ဟု ဘုတလင်ဒေသခံတစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးမှာ ကိုကျော်မင်းလွင် ၄၅ နှစ် ဦးခေါင်းရှပ်ထိဒဏ်ရာ နှင့် မမူမူဇင် အသက်၂၅နစ် ဗိုက်ပွင့်ဒဏ်ရာ အသီးသီးရသွားကြောင်း၊ သေဆုံးခြင်း ရှိ၊မရှိ မသိရသေးကြောင်း၊ ပစ်ခတ်ခံရသည့် နေရာသည် ဘုတလင်မြို့ပေါ် ဗန္ဓုလရုပ်ထုအနီးတွင်ဖြစ်ပြီး ဒဏ်ရာရရှိသူများကို ဘုတလင်ဆေးရုံတင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖာပွန်တွင် စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်သော စောနေသာထူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article