ရန်ကုန်၊ အောက်တိုဘာ ၁၀
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း GZP ပျောက်ကြား တပ်ဖွဲ့ထံမှ သိရသည်။
ပျူစောထီးအဖွဲ့ဝင် အောင်ဆန်းကို မန္တလေးမြို့ လမ်း(၈၀) (၄၂)လမ်းနှင့် (၄၃)လမ်း အကြား တိုးရွှေမေတ္တာ နိဗ္ဗာန်ကုန်ဆိုင်တွင် Generation Z Power -GZP ( Mandalay) မြို့ပြ ပြောက်ကျားအဖွဲ့နှင့် မဟာမိတ် Mandalay UG Wolf Army တို့မှ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မသူသူဇင် ကျဆုံးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီက မန္တလေးမဟာမြတ်မုနိဘုရားအနီး မြတောင်စစ်ကြောင်းကို ဖြိုခွင်းမှုတွင် အဆိုပါ ပျူစောထီး အောင်ဆန်းလည်း ပါဝင်ခဲ့ကြောင်း Generation Z Power -GZP ( Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး)မှ ထုတ်ပြန်ထားသည်။
အလားတူ ကချင်ပြည်နယ် ဖားကန့်မြို့ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် သက်ပိုင်ဦးကို အမည်မသိသေနတ် သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးသေဆုံးခဲ့ကြောင်း သိရသည်။
နယ်ထိန်းခေါင်းဆောင် ရဲအုပ် သက်ပိုင်ဦးကို ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် အမည်မသိ သေနတ်သမားများက မရှီကထောင်ရပ်ကွက်ရှိ ဈေးဆိုင်တစ်ခုအနီးတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းစီးနင်းလာသော ကားကိုပါ သေနတ်သမားများက ယူဆောင်သွားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
Photo – ဖားကန့်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ရဲအုပ် သက်ပိုင်ဦး