ရန်ကုန်၊ အောက်တိုဘာ ၁၁
ရန်ကုန် မှော်ဘီမြို့နယ် ရဲဘော်စျေးမှတ်တိုင် အနီးရှိ စစ်မှုထမ်းဟောင်း အိမ်ရာကို မြို့ပြ တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်မှုထမ်းဟောင်း အိမ်ရာကို မှော်ဘီအခြေစိုက် Guardians UG နှင့် မှော်ဘီရင်သွေးတပ်( Hmawbi Youths Army)မှ “ဒေါင်းအလံလွှင့်” စစ်ဆင်ရေးအဖြစ် အောက်တိုဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၅ မိနစ်ခန့်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖောက်ခွဲ တိုက်ခိုက်ခြင်းသည် အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သတ် ဆက်နွယ်သူများ၊ ဒေါက်တိုင်များကို ရှင်းလင်းမည်ဟု ကြိုတင် သတိပေးသည့် အနေဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း မှော်ဘီအခြေစိုက် Guardians UG အဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ယနေ့ ည ၈ နာရီ ၂ မိနစ်အချိန် ဗုံး ဆက်တိုက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောဆိုကြသည်။
“မြောက်ဥက္ကလာ ဟိန်းထွက်အောင်မြည်သွားတယ်။ ဘယ်နားကပေါက်တာလဲ။ မြောက်ဥက္ကလာ ဆေးရုံ နားထင်တယ်။ ၂ဆင့် ပေါက်သံဗျ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ယနေ့ မိုင်းခွဲတိုက်ခိုက်ပြီး သတိပေးထားသော မင်္ဂလာဒုံ စစ်မှု ထမ်းဟောင်းအိမ်ရာ။