20 C
Yangon

KNU တပ်မဟာ ၅ တွင် ၅ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၉ ဦး သေဆုံး၊ စစ်တပ်နှင့် BGF များ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ အုပ်ချုပ်နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်တွင် အောက်တိုဘာလ ၇ ရက်မှ ၁၁ ရက်နေ့အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၉ ဦး သေဆုံးကြောင်း၊ အကြမ်းဖက်စစ်တပ်နှင့် BGF တပ်ဖွဲ့များသည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ သုံးဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ထို့ပြင် အောက်တိုဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ဖာပွန်ခရိုင်အတွင်း၌ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၉ ရက်နေ့တွင် KNLA တပ်ဖွဲ့ဝင်များက ဖာပွန်မြို့အနီးရှိ ကူးဆိပ် ကျေးရွာအတွင်း ၁ ကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁၁ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ အမှတ် ၅ တပ်မဟာတပ်ဖွဲ့ဝင်များက အကြမ်းဖက် စစ်တပ်အား လူသောမြို့နယ်တွင် ၁ ကြိမ်၊ ဘူးသိုမြို့နယ်တွင် ၁ ကြိမ် ချုံခို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF ၁၀၁၃ တပ်ရင်းမှ ဗိုလ်ကျော်ဝင်းက အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဒွယ်လိုးမြို့နယ် ပိုဂါကျေးရွာအတွင်း လက်နက်ကြီး ၉ လုံး ပစ်ခတ် ခိုင်းခဲ့သောကြောင့် ကျေးရွာနေပြည်သူ နော်တာဖိုးအေးနှင့် စောတာကလိုမယ်တို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၇ ရက်နေ့တွင်လည်း ဖာပွန်မြို့အခြေစိုက် အကြမ်းဖက် စစ်တပ်မှ ဖာပွန်မြို့ အနောက်ဘက်ကမ်းရှိ ခလယ်ခိုရွာကို လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ပြီး ၃ လုံး ရွာထဲကျရောက်ကာ အသက် ၅၁ နှစ်အရွယ်ရှိ နော်မူကြာအား ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း KNU-မူတြော် သတင်းစဥ်မှ ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ (ပုံအဟောင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article