ရန်ကုန်၊ အောက်တိုဘာ ၁၆
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသော ကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တက် ခြေလျင်တပ်ရင်း ၁၀၄ မှ စစ်သားများသည် ကရင်ကြီးရွာနှင့် သဘော့ဆိပ်ရွာ အကြား လမ်းပိုင်းရှိ သဘော့ဆိပ်ရွာရှိ ပျူစောထီး နေအိမ်သို့ ရောက်ရှိလာပြီး ကျေးရွာအတွင်း လှည့်ပတ်သွားပြီး ဆက်ကြေးကောက်ခံကာ စစ်သားနှင့် ပျူစောထီးများ Vigo ကား ၂ စီးဖြင့် ပြန်လာစဥ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Launglone People Defense Force-LLPDF (လောင်းလုံး-ပကဖ)၊ Dawei Guerilla Revolutionary Force – DGRF (ထားဝယ်-ပကဖ)နှင့် T-PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည် မပြုနိုင် သေးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-လောင်းလုံးမြို့နယ်က ထုတ်ပြန်ထားသည်။
အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ခွဲ ပလမြို့ရှိအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ပလမြို့ ထွေအုပ်ရုံးရှိ အကြမ်းဖက် စစ်တပ်ကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ထွေရုံး၌ စစ်သားများကို စစ်ဆေးရေး တင်းကျပ်နေသည့် ကြားမှ တောကြီး မြွေဟောက်တပ် အဖွဲ့ (King Cobra)မှ ဗုံးခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။
Photo – Launglone People Defense Force-LLPDF တပ်ဖွဲ့ဝင်များ