ရန်ကုန်၊ အောက်တိုဘာ ၁၇
စစ်ကိုင်း-ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ကားများ ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးကြောင်း မြောင်မြို့နယ် CDSOM အဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ချောင်းဦးမှ စစ်ကိုင်းသို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်မှ စစ်ကား ၄ စီးကို ငါးယှန်နှင့် နတ်ရေကန်ကြားတွင် ကာကွယ်ရေး တပ်ဖွဲ့များက ၂ နေရာခွဲ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပထမ အကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုကို ပဒေသာမိုင်း ၇ လုံးနှင့် ဒုတိအကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုကို ပဒေသာမိုင်း ၈ လုံးတို့ဖြင့် စစ်ကား ၄စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ စီးမြောက်နှင့် ၃ စီးမြောက်တို့ ပဒေသာမိုင်း ထိမှန်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း စစ်သေား ၃ ဦးသေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော စစ်သား ၃ ဦးကို တင်ဆောင်ရန် အကြမ်းဖက် စစ်တပ်က စစ်ကိုင်းဘက်မှ လာသည့် ကား ၁ စီးကို တားစီးခဲ့သော်လည်း ရပ်တန့်ခြင်း မရှိသောကြောင့် ပစ်ခတ်ခဲ့ပြီး ကားမောင်းလာသည့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကာ စစ်သား ၃ ဦး၏ အလောင်းများကို ကားပေါ်သို့ တင်ဆောင်ပြီး ချောင်းဦးဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
တတိယအကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုသည် စစ်ကိုင်းမှ မုံရွာသို့ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်မှ ကား ၁၀ စီးပါ ယာဥ်တန်းကို မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ဝမ်းပြည့်ကျေးရွာအနီး ပဒေသာမိုင်း ၃ လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြု နိုင်သေးကြောင်း သိရသည်။
စတုတ္ထအကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုကို စစ်ကိုင်းမှ မုံရွာသို့ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ရေပိုးစားနှင့် နတ်ရေကန်ရွာ အကြား ပဒေသာမိုင်း ၃ လုံးတွဲဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု ၄ ကြိမ်ကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊ Black Eagle Defence Force –MMU ၊ Myinmu Civil Revolution Force – CRF Myinmu၊ People’s Defence Force Myinmu – MMU PDF၊ မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့ စသည့် မဟာမိတ်အဖွဲများနှင့်အတူ မြင်းမူမြို့နယ် ပ.က.ဖ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းခရိုင် တပ်ရင်း (၆) တပ်ခွဲ (၂)၊ CDSOM ၏ တူမီးဖိုက်တာအဖွဲ့၊ CDSOM ၏ အနောက်/မြောက်ပိုင်း တိုက်ခိုက်ရေးနှင့်ကာကွယ်ရေး ဗိုလ်စကြာအဖွဲ့၊ One PDF ၊ Young Fig-hters People’s Defense Force-YFPDF ၊ အမျိုးသမီး စစ်သည်တော် တပ်ရင်း (မြောင်)-M2W နှင့် ဒီမိုပြောက်ကျားအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။