28 C
Yangon

စစ်ကိုင်းနှင့် ကယား တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၂၈ ဦးသေဆုံးကာ ကာကွယ်ရေး ရဲဘော် ၃ ဦးကျဆုံး၊ စစ်တပ်က ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

စစ်ကိုင်းနှင့် ကယား တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၂၈ ဦးသေဆုံးကာ ကာကွယ်ရေး ရဲဘော် ၃ ဦးကျဆုံးကြောင်း၊ စစ်တပ်က ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

ချောင်းဦးတွင် စစ်သား ၈ ဦးသေဆုံး

စစ်ကိုင်းမြို့မှ ဆင်းလာသည့် စစ်ကား ၁၀ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးကြောင်း B.C အထူးပြောက်ကျားတပ်ထံမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခတွင် မန္တလေး လမ်းပိုင်း၌ စစ်ကိုင်းမြို့မှ ဆင်းလာသည့် စစ်ကား ၁၀ စီးကို နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာ အကြား ၆ လုံးတွဲ ပဒေသာမိုင်းများဖြင့် ၂ နေရာခွဲကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို B.C အထူးပြောက်ကျားတပ်၊ လျှပ်တပျက် စွန်ညို၊ ဗိုလ်နေတိုး (BNT)၊ ဗိုလ်တောက်ထွန်း (MBTT)၊ CHU PDF၊ MS PDFနှင့် CLDS တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကောလင်းတွင် စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းလှည့် ခြေလျင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း Kawlin info ထံမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မြို့မရပ်ကွက် ခြူးမင်းစတိုးနှင့် ရွှေကျီးသာ စတိုးဆိုင် အကြားတွင် ခြေလျင် ကင်းပတ်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း သိရသည်

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်မှ စစ်သားများ ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ရုပ်ရှင်ရုံအနီးရှိ အမျိုးသား ၁ ဦးကျည်ထိမှန် သေဆုံး ကြောင်း၊ အခြား အမျိုးသမီး ၁ ဦးလည်း ကျည်ထိမှန်ခဲ့ကြောင်း၊ အနီးနားရှိ ဈေးသည်များလည်း ၂၀ထက်မနည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ကယားပြည်နယ်တိုက်ပွဲများတွင် စစ်သား ၁၈ ဦးသေဆုံး

ကယားပြည်နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ အကြား ထိတွေ့တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၈ ဦးသေဆုံးကြောင်း KNDF B-02 ထံမှ သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် မော်ချီးစု ပဒါးညေးရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ၅ ဦးထိခိုက် ဒဏ်ရာရရှိပြီး တပ်ပေါင်းစုဘက်မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကာကွယ်ရေး တပ်ပေါင်းစုမှ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ကယန်းသာယာလမ်းခွဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကာကွယ်ရေး တပ်ပေါင်းစုမှ ကယာန်းသာယာလမ်းခွဲသို့ Sniper ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး​ကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် မော်ချီးစုကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ် ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း၊ အောက်တိုဘာလ ၇ ရက်နေ့တွင် နန်းကွတ်ရေစီးကွေ့တွင် အကြမ်းဖက် စစ်တပ် ကင်းလှည့်အဖွဲ့နှင့် ထိပ်တိုက် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၈ ရက်နေ့တွင် Sinper ဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ် ဘက်မှ ၁ ဦး သေဆုံးကြောင်း၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ပွန်ချောင်းတွင်တပ်စွဲထားသော စစ်တပ် စခန်းကို ကာကွယ်ရေး တပ်ပေါင်းစုအဖွဲ့မှ သွားရောက် ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိကြောင်း၊ အောက်တိုဘာလ ၁၄ ရက်နေ့ နွားလဝိုး နယ်မြေတွင် တပ်ဆွဲထားသော အကြမ်းစစ်တပ်နှင့် ကာ ကွယ်ရေး တပ်ပေါင်းစု ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF B-02 မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် မိုးဗြဲဘက်မှ ဝါရီကောခူဘက်သို့စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် KA ၊ KNDF ၊ USSFU ၊ ဖယ်ခုံ PDF စသည့်တပ်ပေါင်းစုများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများကို Karenni Nationalities Defense Force၊ KA၊ USSFUနှင့် Loikaw PDF တပ်ပေါင်းစုက ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ် ကြောင်း Karenni Nationalities Defense Force B-02 က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article