——————————————————————————————————————
စစ်ကောင်စီ ဖွဲ့စည်းပေးထာသည့် ကျေးရွာမီးလင်းရေး ကော်မတီ အဖွဲ့ ဖျက်သိမ်းပြီး ပြည်သူများ မီတာခများ ပြန်လာ ယူရန် လော်စပီကာဖြင့်ကြေညာပြီး Facebook မှ Live လွှင့်
ရန်ကုန်၊ အောက်တိုဘာ ၁၈
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် မြို့နယ်ထွေ/အုပ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲစခန်းမှူး ပစ်သတ်ခံရပြီးနောက် Non-CDM ဝန်ထမ်းအားလုံး စိုးရိမ်ကြောက်လန့်နေကြကာ ဝန်ထမ်းတချို့ရာထူးမှ နုတ်ထွက်ပြီး တချို့ထွက်ပြေးကြကြောင်း သိရှိရသည်။
အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ဝမ်းတွင်းမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ)ဗိုလ်စောကိုလည်းကောင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကျော်မိုးဦး ကိုလည်းကောင်း ဝမ်းတွင်း မြို့ပြပျောက်ကျားတပ်ဖွဲ့WTRF ကရှင်းလင်းသဖြင့် သေဆုံးသွားကြကြောင်း သိရှိရသည်။
“အခု မြို့ပေါ် ဌာနဆိုင်ရာ ဝန်ထမ်းတွေ အကုန်ကြောက်နေကြတယ်။ အပြင်ထွက်ဖို့တောင်မဝံ့မရဲ ဖြစ်ကုန်တယ်။ တချို့ ဝန်ထမ်းတွေလည်း အဝေးသင်ဆိုပြီး ပြန်မလာတာတွေလည်းရှိတယ်။ တချို့လည်း ခွင့်ဆိုပြီး ခဏရှောင်သွားတာတွေလည်းရှိတယ်။ အရေအတွက် အတိအကျနဲ့တော့ ဘယ်လောက်ရှိမယ်မှန်းတော့မသိဘူး။ တချို့ ကျောင်း ဆရာ၊ ဆရာမတွေလည်း ရှောင်တာတွေကုန်ကြပြီ” ဟု ဝမ်းတွင်း ဌာနဆိုင်ရာ ဝန်ထမ်းသတင်းရပ်ကွက်က ပြောသည်။
ထို့ပြင် ဝမ်းတွင်းမြို့နယ်၊နဘဲကန်စံပြကျေးရွာမှ စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် ကျေးရွာ ကျေးလက်မီးလင်းရေး အဖွဲ့ ကို ဖျက်သိမ်းလိုက်ပြီး မီတာကြေးများပေးသွင်းကြရန်နှင့် မပေးဆောင်ပါက မီတာပုံးများဖြုတ်သိမ်းမည်ဟု ပြောခဲ့သူများဖြစ်ကြသည့် နဘဲကန်ကျေးရွာနေမှ ဦးဝင်းကျော်၊ ဦးဝင်းဇော်၊ ဦးလှဝင်းနှင့်ဦးအောင်မျိုးဝင်းတို့ကလည်း ကျေးရွာမီးလင်းရေးကော်မတီမှ နုတ်ထွက်ကြောင်း၊ ကောက်ခံထားသော မီတာခများကို ပြည်သူများ ပြန်လာယူကြရန် လော်စပီကာဖြင့် အော်ပြီး Facebook မှလည်း Live လွှင့်ကြောင်း Voice Of Wundwin ထံမှ သိရှိရသည်။