23 C
Yangon

ကလေးနှင့်ထီးချိုင့်တွင် စစ်တပ်စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး ၁၈ ဦးခန့်သေဆုံး၊ မတ္တရာမြို့နယ်တွင်လည်း စစ်ကား မိုင်းဆွဲခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေး-တမူး လမ်းပိုင်းတွင် စစ်တပ် စစ်ကားများနှင့် ခြေလျင်စစ်ကြောင်းများ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးကြောင်း Kalay-PDF အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ကလေး-တမူး လမ်းပိုင်းရှိ ၅၅ မိုင် အကျဥ်းစခန်းမှ စစ်ကား ၂ စီးနှင့် ခြေလျင် စစ်ကြောင်းတို့ ကံလှရွာ မြောက်ဘက် တံတားအနီး သို့ ရောက်ရှိလာစဉ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြလေးတောင် ဘုရားအနီးတွင် အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်း ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကို PDF (Kalay) တပ်ရင်း ၃၊ တပ်ရင်း ၈ (Zomi PDF)နှင့် တပ်ရင်း ၁၂ တပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့များ ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၅ ဦးခန့် သေဆုံးကြောင်း Special.9-HPDF အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင် နံနက်ပိုင်းတွင် မြတောင် လမ်းဆုံဂိတ်မှ အကြမ်းဖက် စစ်သားများ တကောင်းဘက်သို့ လုံခြုံသွားယူပြီး မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် ၆ ဘီးကားဖြင့် ပြန်လာစဥ် မောင်းကုန်း အကျော် ဖုန်ကုန်းကြီးကွေ့အနီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

ဒုတိယအကြိမ် တိုက်ခိုက်မှုကို အောက်တိုဘာလ ၁၇ ရက်နေ့တွင်ပင် ဖုန်ကုန်းကြီးကွေ့ အကျော် လမ်းဆုံ မရောက်မှီ တန်ပိုဂိတ်အနီးတွင် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၆ ဘီးကား မိုင်းထိမှန်ပြီး လမ်းမတွင် ကန့်လန့်ရပ်သွားကာ ကားခေါင်းပိုင်းရှိ စစ်သားများ ထိခိုက်သေဆုံးမှု ရှိကြောင်း၊ ကားတစ်ခြမ်းလည်း ပျက်စီးသွားကာ ကားပေါ်မှ စစ်သားများ ဆင်း၍ ရမ်းသမ်းပစ်ခတ်ပြီး အထက်ဘက်သို့ ခြေကျင်တက်လာစဥ် တတိယ အကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၅ နာရီ ခန့်အချိန် ၃ ကြိမ်မြောက်အဖြစ် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ စစ်သားများကို ထီးချိုင့်ဘက်သို့ နာရေးကားများဖြင့် သယ်ဆောင်လာကြောင်း၊ ထို လူနာနှင့်အလောင်း သယ်စစ်ကြောင်းကို ကက္တူသင်္ချိုင်းအနီး ၄ ကြိမ်မြော်ကအဖြစ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ လုံခြုံရေး ယူပေးသော အိမ်စီးကားနှင့် နာရေးကားကို ထိမှန်ကာ ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။

” စစ်ခွေး သင်္ဘောတွေ တကောင်းနား ရောက်တော့ လုံခြုံရေး ယူပေးဖို့သွားတဲ့ မြတောင်လမ်းဆုံဂိတ်က စခ တွေ အပြန် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ ၆ ဘီး ကားနဲ့ပြန်လာတာ အင်အားက ၄၀ လောက်ပါတယ်။ စုစုပေါင်း ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုမှာ စစ်ခွေး ၁၅ ကောင်သေတယ်။ ဒဏ်ရာရတွေလည်း များတယ်” ဟု Special.9-HPDF အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မန္တလေးတိုင်း မတ္တရာမြို့နယ် ကြာနီကန်ရွာနှင့်ထီးတော်မိုးရွာအ ကြားတွင် စစ်ကောင်စီယာဉ်တန်းကို ယနေ့ နေ့လယ်ပိုင်းတွင် မိုင်းဆွဲ တိုက် ခိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း ၊ ထိခိုက်သေဆုံးမှုမသိရှိရဘဲ ကားလမ်းကို နာရီအတော်ကြာ ပိတ်ဆို့ခဲ့ကြောင်း ဒေသခံများက ပြော သည်။

“ဒီကနေ့နေလယ်ပိုင်း မတ္တရာ၊ ကြာနီကန်နဲ့ထီးတော်မိုးရွာ အကြား စစ်ကားမိုင်းဆွဲခံရတယ်။ ထိခိုက်မှုတော့မသိရဘူး။ ကားလမ်းကိုပိတ်ထားတာ အတော်ကြာတယ်။ ကားတွေ ရပ်ပြီးစောင့်နေရတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မတ္တရာတွင် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်တပ်က စစ်ကားများကို လမ်းအလယ်တွင် ကန့်လန့်ရပ်၍ လမ်းပိတ်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article