ရန်ကုန်၊ အောက်တိုဘာ ၁၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်ရှေ့တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုများဖြစ်ပေါ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၃ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲသံ ၂ ချက် ကြားရကြောင်း၊ ယင်းနောက် ပစ်ခတ်သံ ၅ ချက်၊ ၆ ချက်ကြားရကြောင်း၊ အင်းစိန်ထောင်အနီးနေရာတချို့ကို စစ်တပ် က ပိတ်ဆို့ထားကြောင်း သိရှိရသည်။
“အင်းစိန်ထောင် လုံခြုံရေးယူထားတဲ့ စစ်တပ်ကို တိုက်ခိုက်တာလို့ ပြောတယ်။ အင်းစိန်ထောင်ဗူး၀ ရှေ့မှာ ဗုံး ၂ လုံးပေါက်သံကြားရတယ်။ သေနတ်က ၅ချက် လောက်ပစ်ကြတယ်။ မိဘတွေလည်း အဲဒီနားမှာ ကျောင်းရှိတော့ကလေးတွေပြေးခေါ်နေကြတယ်။ စစ်တပ်က တချို့နေရာတွေကို ပိတ်ဆို့ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အခြားအင်းစိန်ဒေသခံတစ်ဦးကလည်း လက်ရှိတွင် စစ်တပ်နှင့်ရဲများ အင်အားအလုံးအရင်းဖြင့်ရောက်ရှိနေကြောင်း ပြောဆိုသည်။
အင်းစိန်ထောင်အနီးနေထိုင်သူ ပြည်သူတစ်ဦးကမူ ထောင်ဝင်စာ ပါဆယ်ထုပ် အတွင်းမှ ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ဂိတ်စောင့် စစ်တပ်က ဗုံးပေါက်ကွဲသည်နှင့် ရမ်းသမ်းပစ်ခတ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝန်ထမ်းနှင့် လူတချို့ ထိခိုက်ပြီး စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတချို့နှင့် အဆောက် အအုံများ ကျည်ထိမှန်ကြောင်း ပြောဆိုသည်။
ဓာတ်ပုံ- အင်းစိန်ထောင်ရှေ့ မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)
Photo-AFP။