ရန်ကုန်၊ အောက်တိုဘာ ၂၅
ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီ၏ Gas ပိုက်လိုင်းများ၊ အုပ်ချုပ်ရေးမှူးရုံး၊ စစ်ကြောင်းနှင့် စစ်ကားတို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး အဖွဲ့များထံမှ သိရသည်။
မန္တလေးတွင် MOGE Gas ပိုက်လိုင်း ဖောက်ခွဲ တိုက်ခိုက်ခံရ
မန္တလေး၊ မြင်းခြံမြို့နယ်တွင် MOGE Gas ပိုက်လိုင်း ၂ ရက်ဆက်တိုက် ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်နှင့် ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် မြင်းခြံမြို့နယ် တစ်နေရာ၌ MGN35 ပြောက်ကျား တပ်ဖွဲ့နှင့် ဗိုလ်စား ပြောက်ကျား တပ်ဖွဲ့ တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း Gas ပိုက်လိုင်းသည် မကွေးတိုင်း မင်းဘူးမြို့နယ် မန်းသံပုရာကန်မှ မန္တလေးအထိ ဆက်သွယ်ထားသော MOGE ဂက်(စ်) ပိုက်လိုင်းဖြစ်ကြောင်း MGN35 ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မှော်ဘီတွင် အုပ်ချုပ်ရေးမှူးရုံး မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရ
ရန်ကုန်၊ မှော်ဘီမြို့နယ် ကြက်ဖြူကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မိုင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် ကြက်ဖြူကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။
” အဝေးထိန်း remote မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်တာ အထိအခိုက်ရှိလို့သိရတယ်။ အသံက တော်တော်ကျယ်တယ်။ ရုံးထဲက လူတွေ ပြေးထွက်လာတော့ သွေးတွေနဲ့ တွေ့ခဲ့ရတယ်။ စခ DC တွေ ရော အရေးပေါ်ကားတွေပါ ချက်ခြင်းရောက်လာတယ်။ သိပ်မကြာဘူး။ တပ်ဆွဲထားတဲ့နေရာနဲ့ သိပ်မဝေးဘူးထင်တယ်” ဟု လမ်းသွားလမ်းလာ ပြည်သူ တစ်ဦးက ပြောဆိုသည်။
စစ်ကိုင်းတွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး
စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကြောင်းသိရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မြင်းမူမှ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း ကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားသော စစ်သား ၃ ဦး အလောင်းများကို မူးမြစ်အတွင်း ပစ်ချခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကို DemonKing Defence Forceအဖွဲ့၊ Myinmu Defence Force၊ GTR MMU အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း MMDF အဖွဲ့က ထုတ်ပြန်ထားသည်။
အရာတော်-မုံရွာ လမ်းပိုင်းတွင် စစ်ကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ အရာတော်-မုံရွာ လမ်းပိုင်းတွင် စစ်ကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် အရာတော်-မုံရွာလမ်းပိုင်း တစ်နေရာတွင် အရာတော်မှ ထွက်ခွာလာသည့် စစ်ကား ၂ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။
Photo – MGN35 ပြောက်ကျား တပ်ဖွဲ့ဝင်များ