28 C
Yangon

စစ်ကိုင်း၊ မကွေး၊ ကရင်နှင့် မန္တလေးတို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၁၇ ဦးခန့် ထိခိုက် သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့်မန္တလေးတိုင်း တို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ပစ်ခတ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၁၇ ဦးခန့် ထိခိုက်သေဆုံးမှုရှိကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မတ္တရာတွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

မန္တလေး မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်အရှေ့ခြမ်း စကားပင်အုပ်စု တံတားဖြူကျေးရွာ တံတားအနီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့၊ နဂါးညီနောင်အဖွဲ့၊ တိုက်သိမ်း (မြေအောက် တော်လှန်ရေး တပ်ဖွဲ)၊ MDY PDF (Mongoose Squadron) တပ်ခွဲ NGU:FF (မြေခွေးတပ်ဖွဲ့) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော စီးပွားဘဏ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်ရှိ စီးပွားရေးဘဏ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ရှော့တိုက်ဒုံး တိုက်ခိုက်ခံရကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တန့်ဆည်မြို့ပေါ်ရှိ စီးပွားရေးဘဏ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ တပ်စွဲထားတဲ့ မြို့ပေါ်က စီးပွားရေးဘဏ်ကို ကာကွယ်ရေး တပ်ဖွဲ့တွေ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ထိချက်မှန်တယ်လို့ သိရတယ်။ စစ်ခွေး သေစာရင်းနဲ့ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု Taze News အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Taze Stone၊ Taze Yoe Tann၊ vikings နှင့် local အဖွဲ့တစ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဝက်လက်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဟံလင်းကျေးရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဟံလင်း အနောက်ထွက် တံတားမူးဘောင်အနီးတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ အနည်းငယ်ဖြစ်ပွားခဲ့ကာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တိုက်နယ် (၄) နတ်တောင်၊ ဝက်လက်မြို့နယ် ပကဖ (ဟံလင်းတိုက်နယ်) နှင့် GZ Special Task Force အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း GZ Special Task Force အဖွဲ့က ထုတ်ပြန်ထားသည်။

မြဝတီတွင် တိုက်ပွဲဖြစ်ပွား

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ လာခို့ညောင်ချောင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် လူခို့ ညောင်ချောင်းတွင် KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်း စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဥ် အကြမ်းဖက် စစ်တပ် တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး KNLA ပူးပေါင်း တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံး အရေအတွက် အတည်မပြုနိုင်သေးကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

မြောင်တွင် စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ညပိုင်းတွင် ပဒေါက်ချောင်းမှ တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ပဒေသာမိုင်း ၁၀ လုံးဖြင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် ထိခိုက် သေဆုံးမှု ရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ကျောက်ရစ်ရဲစခန်းတွင် တပ်စွဲပြီး အနီးအနားရှိ ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။

ယင်းစစ်ကြောင်းကို နှလုံးလှ လူမိုက်ကြီးများ အဖွဲ့နှင့် အတူ မဟာမိတ် ဖြစ်ကြသော ဗိုလ်နေတိုးအဖွဲ့ 11brother အဖွဲ့တို့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားသည်။

ပေါက်မြို့နယ် ကိုင်းလယ်ရွာ ရဲစခန်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

မကွေးတိုင်း ပေါက်မြို့နယ် ကိုင်းလယ် ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကိုင်းလယ် ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၄၀ မမ၊ ၆၀ မမ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို people’s Defence Force Yenangyaung မှ ကချင်လွတ်မြောက်ရေး တပ်မတော်တပ်မဟာ ၉ ပြန်လည် ဝင်ရောက်လာသည့် ရဲဘော်များနှင့် ပခုက္ကူခရိုင်တပ်ရင်း ၁၂ (YRF) ဗိုလ်နားပေါက်အဖွဲ့တို့က ကချင် လွတ်မြောက်ရေး အဖွဲ့ချုပ် (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့် အကြိုတေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်နေစဥ် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ် ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် လက်စားချေ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း people’s Defence Force Yenangyaung အဖွဲ့က ထုတ်ပြန်ထားသည်။

ရွှေဘိုတွင် ဆိုင်ကယ်စီးလာသည့် ပျူစောထီးများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ်မှ ပျူစောထီးအဖွဲ့များ ဆိုင်ကယ်ဖြင့် ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပလိုင်းကျေးရွာ၌ ၂ နှစ်နီးပါး တပ်စွဲထားသော စစ်တပ်တပ်မှ ဆိုင်ကယ် ၂ စီးဖြင့် ထွက်လာသည့် ပျူစောထီး ၅ ဦးသည် ပလိုင်းရွာတောင်ဘက်သို့ မိုင်းရှင်းလင်းရေး လာရောက်စဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၃ ဦးသေဆုံးကာ ၂ ဦးမှာ ပလိုင်းကျေးရွာ အတွင်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ဝက်လက်မြို့နယ်)၊ ရွှေတြိဂံ ရွှေမင်းသား ပြည်သူ့ကာကွယ်ရေး တပ်ခွဲ Shwebo Justic Force(SJF)၊ နဂါးနီတပ်ခွဲနှင့် ဒေါင်းနီတပ်ခွဲ (အရာတော်မြို့နယ်)၊ လျှပ်စီးမုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်)၊ ငါးမြည်ရ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ရွှေဘိုမြို့နယ်)နှင့် ဂဠုန် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ရွှေဘိုမြို့နယ်)တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article