27 C
Yangon

စစ်ကိုင်း၊ ပဲခူးနှင့် ကရင်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၁၇ ဦးခန့် သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၊ မြောင်မြို့နယ်၊ ပဲခူးတိုင်းအတွင်းရှိ ပေါင်းတည်နှင့် ကရင်ပြည်နယ် သံတောင်ကြီးတို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၁၇ ဦးခန့် ထိခိုက်သေဆုံးမှုရှိကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မြောင်တွင် ရဲစခန်းနှင့် ကင်းပုန်းများ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ရဲစခန်းနှင့် ကင်းပုန်းများ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် CDSOM အဖွဲ့ ဦးဆောင်သော ကာကွယ်ရေး တပ်ဖွဲ့များက ကျောက်ရစ်ရဲစခန်းကို ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၂ လုံး ရဲစခန်းအတွင်း ကျရောက် ပေါက်ကွဲကာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၂)မှ တပ်ခွဲ(၃) ပြည်သူ့တပ်မတော် (မြောင်) MUAနှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ကျောက်ရစ်စခန်းအနီး၌ ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရှေ့ထွက်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ကြာဖြစ်ပွားခဲပြီး ပစ်ခတ်မှုအတွင်း စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို CDSOM ၏ JOKER GZ အဖွဲ့၊ Myaung Fighter Defence Force နှင့် MGN Revolution PDFတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သံတောင်ကြီးတွင် စစ်တပ် တပ်စခန်း ၂ ရက် ဆက်တိုက် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းမှ စစ်သားများ စနိုက်ပါဖြင့် ၂ ရက်ဆက်တိုက် ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင်သံတောင်ကြီးမြို့နယ် ရွေညောင်ပင်စခန်းရှိ စစ်သားများကို KNLA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက စနိုက်ပါဖြင့် ၂ ရက်ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၃ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ဦးထက်မနည်း သေဆုံး

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် လဲပင်ရွာ အနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လဲပင်ရွာအနီး အင်အား ၃၆ ဦးဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက် စစ်တပ် ကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ ၊ တပ်ခွဲ ၄ မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Bagon Region PDF တပ်ဖွဲ့ထံမှ သိရသည်။

မုံရွာတွင် စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်နေစဥ် လက်ပစ်ဗုံး ပစ်သွင်းခံရပြီး ၆ ဦးခန့် ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ် ကင်းပုန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၆ ဦးခန့် ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်တွင် စက်မှုဇုန်ရပ်ကွက် ဗိုလ်တေဇလမ်းနှင့် ပိတောက်လမ်းထောင့် ကံပြားလေးရွာ၏ မြောက်ဘက် ဦးမြအေးလမ်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၆ ဦးခန့်ထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ် ကင်းပုန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) တပ်ရင်း(၆)၊ တပ်ခွဲ (၁) BLACK အဖွဲ့မှ နွေဦးသစ္စာ ပြောက်ကျား အင်အားစုနှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး လက်နက် ကောက်ယူရန်ကြိုးစားခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် ဆုတ်ခွာခဲ့ရကြောင်း MYANMAR’S ROYAL DRAGON ARMY (M.R.D.A) အဖွဲ့က ထုတ်ပြန်ထားသည်။

Photo – မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article