ရန်ကုန်၊နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် နေ့စဥ် ပစ်ခတ်နေကြောင်း သိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ ဝက်လက်မြို့နယ်အတွင်းရှိ ဟန်လင်းပျူမြို့ဟောင်းနှင့် ကော့ရွာတို့ကို ဝင်ရောက် စီးနင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က မုဆိုးခြုံ၊ ဘိုတဲ၊ ဇောက်ညမ်းကုန်း၊ ဆားတောင်ကြီး၊ မှတ်ထိ၊ အောင်ချမ်းသာ၊ ဘင်တဲကုန်း၊ စခန်းသာ၊ ငပိအိုး၊ ကံကြီးတော အပါအဝင် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကော့ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က တအုံ၊ အုန်းပေါက်၊ ဘိုးတော်တော၊ တည်ပင်၊ တကန်သာ၊ ကြိုးကြာ၊ ဆည်ကြီး အပါအဝင် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးမှုများပါ လုပ်ဆောင်နေကြောင့် ပြည်သူ ၁ သောင်းကျော်ခန့်သည့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” ဟန်လင်းပျူ မြို့ဟောင်းမှာ တပ်စွဲထားတဲ့ ခွေများညဘက် အရပ် လေးမျက်နှာကို လက်နက်ကြီးတွေနဲ့ ၅ ရက် ဆက်တိုက်ကို ပစ်ခတ်နေတာ ဟန်လင်း က ရပ်ကွက်၂၀ ကျော် ရှိတယ်။ အခု စစ်ခွေးတွေ တပ်စွဲထားလို့ ပြည်သူတွေ ရွာထဲ ပြန်မဝင်နိုင်ဘဲ နေအိမ်တွေမှာ ကျန်ခဲ့တဲ့ တိရစ္ဆာန်တွေလည်း အစာရေစာပြတ်လပ်နေလို့ သေဆုံးတာတွေရှိတယ်။ အခုအချိန်က စပါးတွေ နှမ်းတွေ ရိတ်သိမ်းချင်ဆိုတော့ အခုထိ မရိတ်သိမ်းနိုင်သေးဘဲ ပျက်စီးဆုံးရှုံးမှာကို ပြည်သူတွေ စိုးရိမ်နေကျတယ်။ မြောက်ဘက် ကော့ရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကလည်း မနေ့ညက လက် နက်ကြီးတွေနဲ့ ရမ်းပစ်လို့ စစ်ရှောင်တွေ ပိတ်မိနေတာတွေရှိတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အလားတူ ဟန်လင်းပျူမြို့ဟောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ငါးပိအိုးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၂ လုံး မီးလောင်ပြာကျ သွားကြောင်း သိရသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ငါးပိအိုးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ လုံး မီးလောင်ပြာကျသွားကြောင်း သိရသည်။
လက်ရှိချိန်တွင် ဒေသခံ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ရာသီဥတု ပြောင်းလဲခြင်းကြောင့် အဖျားရောဂါများ ခံစားနေရပြီး ဆေးဝါး ပစ္စည်းများလည်း လိုအပ်လျက်ရှိကြောင်း သိသည်။