26 C
Yangon

Must read

ကျောက်တော်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ၁၃ နှစ်အရွယ် သမီးငယ် အပါအဝင် တစ်အိမ်တည်းနေ မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁

ရခိုင်ပြည် ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီ၏ စကခ ၉ တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ပီစိကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး ၁၃ နှစ်အရွယ် သမီးငယ် အပါအဝင် တစ်အိမ်တည်းတွင် နေထိုင်အိပ်နေသော မိသားစုဝင် သုံးဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ယင်းကျေးရွာမှ ဒေသခံများက ပြောသည်။

အောက်တိုဘာ ၃၁ ရက်နေ့ ည ၁၂ နာရီအချိန်ခန့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျောက်တော်စကခ ၉ က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ပီစီကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် သုံးဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ကျောက်တော်စကခ(၉) ကနေ ညဉ့် ၁၂ နာရီလောက်ရှိမယ်၊ လက်နက်ကြီးတွေနဲ့ပစ်တယ်၊ ၅ လုံးပစ်တာပါ၊ ဒုတိယအလုံးမှာ လက်နက်ကြီးကျည်က ကျနော်ရဲ့ ယောက်ဖအိမ်ကို ထိတယ်၊ ကျနော်တို့ ယောက်ဖ မိသားစုက အိမ်မှာ အိပ်နေကြတာပါ။ ကျနော်ယောက်ဖရယ်၊ သူမိန်းမရယ်၊ သမီးတစ်ယောက်ရယ် လက်နက်ကြီး ကျလို့ နေရာမှာ သေဆုံးသွားတယ်” ဟုပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ပီစိကျေးရွာမှ ဦးကိုစိုးဝင်းအသက် ၄၅ နှစ်၊ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဝေ အသက် ၄၂ နှစ်၊ သမီးဖြစ်သူ မဖြိုးစုဝေ အသက် ၁၃ နှစ်တို့ သေဆုံးသွားကြကြောင်း၊ လက်နက်ကြီးကျသည့် နေရာတွင်ပင် မိသားစုဝင် သုံးဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

“လက်နက်ကြီးနဲ့ပစ်တယ်ဆိုတာ ကျေးရွာကလူတွေကို တောထဲကို သွားပုန်းနေကြတာပါ။ ၅ လုံးလောက်တော့ ပစ်တယ်။ လက်နက်ကြီးပစ်တော့ အကုန်ထွက်ပြေးကြတာပေါ့၊ မနက်မိုင်းလင်းတာနဲ့ ရွာကို ပြန်လာကြတာပါ။ ပြီးမှာ အလောင်းကို ကျောက်တော် ကို ပို့ဆောင်လုပ်နေကြပါတယ်။ နေအိမ်တစ်ချို့ ပျက်စီးသွားတယ်။ လက်နက်ကြီးကျလို့ နွားတွေသေဆုံးသွားတယ်”ဟုပြောသည်။

ပီစီကျေးရွာသည် ကျောက်တော်မြို့နှင့် တစ်မိုင်ခန့် ကွာဝေးပြီး ၎င်းကျေးရွာအနီးနားတွင် ပီစီ(ပိုက်သည်မွတ်ဆင်ကျေးရွာ) ကြာပုံ၊ လိပ်ကန်(မြို) ကျေးရွာ၊ မြင်ကန်း၊ ပီထူးကျေးရွာများရှိကာ ပီစီကျေးရွာသည် အိမ် ၃၀ ကျော်ရှိသည့်ကျေးရွာငယ်တစ်ရွာဖြစ်သည်။

ရခိုင်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာများသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းမှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုတို့အား ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး ထိုသို့ရမ်းသမ်းပစ်ခတ်မှုကြောင့် သြဂုတ်လနှင့် စက်တင်ဘာလတို့အတွင်း သေဆုံးသူ အရပ်သားပြည်သူ ၈ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၂၃ ဦးအထိရှိခဲ့သည်။

ယခု အောက်တိုဘာလအတွင်းတွင်လည်း ထိုသို့ အကြောင်းမဲ့ ပစ်ခတ်ခံရမှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး ထိုသို့ပစ်ခတ်မှုကြောင့် သေဆုံးထိခိုက်သူများအရေ အတွက်မှာ စာရင်းပြုစုချက်အရ သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၂၀ ဦးရှိခဲ့သည်။

(Western News- WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article