26.9 C
Yangon

သဲကုန်းမြို့နယ်တွင် ပျူစောထီးများက K Pay နှင့် Wave Pay အကောင့်ဖွင့်ရန် မှတ်ပုံတင်များကို ငွေကျပ် ၂ သောင်းမှ ၅ သောင်းအထိပေး၍ လိုက်လံဝယ်ယူနေ

Must read

ရန်ကုန်၊ ဇွန် ၂၈

ပဲခူးတိုင်း၊ အနောက်ခြမ်း၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပျူစောထီးအဖွဲ့ဝင်များက K Pay နှင့် Wave Pay အကောင့် မဖွင့်ရသေးသည့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များကို ငွေကျပ် ၂ သောင်းမှ ၅ သောင်းအထိ ပေး၍ လိုက်လံဝယ်ယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ သဲကုန်းမြို့နယ် ရပ်သာအုပ်စုအတွင်းရှိ ဝါးလည်ကျေးရွာနှင့် ရပ်သာကျေးရွာတို့တွင် ပျူစောထီးအဖွဲ့ဝင် ၂ ဦးက ကျေးရွာနေပြည်သူများထံသို့ လာရောက်ကာ K Pay နှင့် Wave Pay အကောင့် မဖွင့်ရသေးသည့် မှတ်ပုံတင်များကို ငွေကျပ် ၂ သောင်းပေး၍ ဝယ်ယူမည်ဟုဆိုကာ မှတ်ပုံတင်နှင့် ဓာတ်ပုံများကို ရိုက်ကူးစုဆောင်း ဝယ်ယူသွားကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ငွေရရှိမည်ဟု ယုံကြည်ကာ မှတ်ပုံတင်လာရောက်ပေးအပ်သူများပြားခဲ့ပြီး အများစုမှာ အသိပညာဗဟုသုတ နည်းပါးသူများနှင့် စာပေမတတ်သူများဖြစ်ကြောင်း သိရသည်။

“သူတို့က K Pay နဲ့ Wave Pay မဖွင့်ရသေးတဲ့ မှတ်ပုံတင်တွေကိုပဲ လိုက်ဝယ်တာပါ။ တစ်ခုကို ငွေ ၂ သောင်းပေးမယ်လို့ ပြောတော့ ရွာကလူတွေ တော်တော်များများ သွားပေးကြတယ်။ နောက်ပိုင်းမှာတော့ တချို့နေရာတွေမှာ တစ်ခုကို ၅ သောင်းအထိပေးပြီး လိုက်ဝယ်နေတယ်လို့လည်း ကြားရပါတယ်။ ပေးတဲ့သူအများစုက ဒီမှတ်ပုံတင်တွေကို ဘာအတွက် အသုံးပြုမယ်ဆိုတာ မသိကြဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ K Pay နှင့် Wave Pay အကောင့်ဖွင့်ရန် မှတ်ပုံတင်များ လိုက်လံစုဆောင်းနေခြင်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များတွင် အသုံးပြုရန် ဖြစ်နိုင်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

“ကျွန်တော်အမြင်ကတော့ ကျားဖြန့်အဖွဲ့တွေ အသုံးပြုဖို့ K Pay နဲ့ Wave Pay အကောင့်တွေ ဖွင့်ဖို့ မှတ်ပုံတင်တွေ လိုက်ဝယ်နေတာ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ အခုလို ပဲခူးအနောက်ခြမ်းက ကျေးရွာတွေအထိ ဆင်းပြီး လိုက်ဝယ်နေတာကို ကြည့်ရင် ဒီဘက်ဒေသမှာလည်း အဲဒီကွန်ရက်တွေ ရောက်လာနိုင်တယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မှတ်ပုံတင်များကို မည်သည့်ရည်ရွယ်ချက်ဖြင့် စုဆောင်းနေသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဒေသခံများအနေဖြင့် မိမိတို့၏ မှတ်ပုံတင်နှင့် ကိုယ်ရေးကိုယ်တာ အချက် အလက်များကို အလွယ်တကူ မပေးအပ်ကြရန်နှင့် မရောင်းချကြရန် ဒေသသတင်းရင်းမြစ်က တိုက်တွန်းသည်။

သို့ရာတွင် သဲကုန်းမြို့နယ်အတွင်းမှ ပြည်သူများမှာ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုအကောင့်များ ဖွင့်လှစ်အသုံးပြုရာတွင် ကိုယ်ရေးအချက်အလက် အလွဲသုံးစားပြုခံရနိုင်သည့် အန္တရာယ်ကို နားမလည်ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article