26 C
Yangon

မန္တလေးတွင် အချုပ်ကားလုံခြုံရေး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကင်းလှည့်စစ်ကားမိုင်းဖြင့်တိုက်ခိုက်ခံရ၊ စလင်းမြို့အဝင်ဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊မြောင်မြို့နယ်ထွေ/အုပ်ရုံးနှင့်ဘီးလင်းမြို့တိုးဂိတ် တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

မန္တလေးမြို့တွင် ယနေ့ မိုင်းခွဲတိုက်ခိုက်မှု ၂ ခုဖြစ်ပွားပြီး အမှတ် ၁၁ ရဲစခန်းအနီးတွင် အချုပ်ကားလုံခြုံရေး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲခံရခြင်း၊ အောင်မြေသာစံတွင် ကင်းလှည့်နေသည့် စစ်ကား ၃ စီး မိုင်းဆွဲခံရခြင်းတို့ ဖြစ်ပွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ၇၈ လမ်း ၄၂ ထောင့်၊ အမှတ် ၁၁ ရဲစခန်းအနီး အချုပ်ကားဗုံးထုခံရကြောင်း၊ အချုပ်ကားမောင်း ရဲ ၂ ဦးနှင့် အရပ်ဝတ် ရဲ တချို့ ထိခိုက်ဒဏ်ရာရကာ လူနာတင်ယာဥ်ဖြင့်ခေါ်ဆောင်သွားကြောင်း၊ စစ်တပ်က ပိတ်ဆို့စစ်ဆေးနေကြောင်း မန္တလေးသတင်းရင်းမြစ် VOMDY၏ သတင်းဖော်ပြချက် နှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

“CCTV ဘယ်အိမ်မှာရှိလဲဆိုပြီး လိုက်မေးနေတယ်။ မှတ်တမ်းလိုက်တောင်းနေတယ်။ ဗုံးထုတဲ့သူ ဒီလမ်းတွေ အိမ်တွေ ဝင်ပြေးတယ်ဆိုတာမျိုးလည်းပြောတယ်။ အဲဒီဗုံးထုခံရတဲ့အနားတစ်၀ိုက်ကို ပိတ်ပြီး စစ်တပ်နဲ့ရဲက စစ်နေတာပါ”ဟု မန္တလေးဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မန္တလေး ၊အောင်မြေသာစံမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကား ၃ စီးကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Generation Z Power က သတင်းထုတ်ပြန်သည်။

မြောက်ပြင်ရပ် ၁၂လမ်း နှင့် ၈၆လမ်းထောင့်တွင် ကင်းလှည့်လာသည့် စစ်ကား ၂ စီး ၊ ရဲကား ၁ စီးတို့ကို ပဒေသာမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ်ကြောင်း၊စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်းအတိအကျ မသိရှိရကြောင်း၊ တိုက်ခိုက်မှုကို Generation Z Power ၊ ပုသိမ်ကြီးပကဖ၊ G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၊ ကား ၂ စီး ထိုးရပ်သွားပြီး အော်ငိုသံကြားရသည်ဟု သတင်းထုတ်ပြန်ထားသည်။

အလားတူ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ထွေအုပ်ရုံးအနီးတွင် ပါဆယ်မိုင်း သုံးလုံး ပေါက်ကွဲရာ စစ်တပ်က အသုံးပြုနေသည့် နစ်ဆန်း AD ဗင်ကား ထိခိုက်ပျက်စီးသွားကြောင်း ၊ မိုင်းခွဲမှုကို ဒေါင်းညီနောင်နှင့် မဟာမိတ်တာတေကြီးအဖွဲ့က ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း၊ စလင်းကြီးမြို့နယ် ၊ ကန်ပြားလမ်းဆုံ၊ မြောက်ဘက်ဂိတ်တွင် ဗုံးပေါက်ကွဲပြီး စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရကြောင်း၊ မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို မသိရှိရသေးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တိုးဂိတ်အဟောင်းတွင် အောက်တို ဘာလ ၃၁ ရက်နေ့ ည ၉ နာရီ အချိန်က စစ်ကောင်စီတပ်များကို အမည်မသိ လက်နက်ကိုင်များက လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲ ဖြစ်ပွားကြောင်း၊ ဘီးလင်းရဲစခန်းမှ ရဲများ၏ ဇနီးနှင့်ကလေးများက အထုပ်များဆွဲကာ ရပ်ကွက်များအတွင်း ထွက်ပြေးကြကြောင်း၊ ဘီးလင်းတိုးဂိတ်အဟောင်းတွင် တိုက်ပွဲ ပြင်း ထန်ခဲ့ပြီး နှစ်ဖက် လက်နက်ကြီး လက်နက်ငယ်များဖြင့် နာရီဝက်နီးပါး အပြန်အလှန် ပစ်ခတ်ကြကြောင်း ၊ နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ-ယမန်နှစ် မြို့ပေါ်တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article