22 C
Yangon

မန္တလေး ရထားလမ်းဘေးအနီးရှိ နေအိမ်ရာပေါင်းများစွာကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ချက်ချင်းဖျက်ခိုင်း၊ လူဦးရေ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

Must read

ရန်ကုန်၊နိုဝင်ဘာ ၉

မန္တလေးမြို့၊ အိုးဘိုနှင့် သူရဲစျေး ဘူတာကြားရှိ နေအိမ်ရာပေါင်းများစွာကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ယနေ့ ချက်ချင်းဖျက်ခိုင်းပြီး လူဦးရေ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း‌ ဒေသခံများက ပြောသည်။

မန္တလေးမြို့ အောင်မြေသာစံခရိုင်အတွင်း မြန်မာ့မီးရထား ပိုင်မြေအတွင်းရှိသည်ဟုဆိုသည့် မီးရထားလမ်းဘေး ဝဲ/ယာ အိုးဘို၊ သူရဲဈေး၊ ဘူတာအကြားရှိ နေအိမ်များကို ယနေ့မှ စ၍ ဖျက်သိမ်းရန် ရဲများနှင့် စစ်ကောင်စီခန့် ရပ်ကွက်လူကြီးများ လိုက်လံ၍ စာပေးသွားကြောင်းနှင့် ထိုအထဲတွင် ကျူးကျော်များ မဟုတ်ဘဲ မိဘလက်ငုတ် နှစ်ပေါင်း ၅၀ ကျော်ကြာ နေထိုင်သည့် ဂရမ်ရှိ နေအိမ်များပါ ပါဝင်နေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

“လူဦးရေ အားလုံးပေါင်း သောင်းဂဏန်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်တာ။ လာဖျက်တဲ့ ရဲခွေးတွေ အချင်းချင်းပြောတာက။ ဖျက်ဖို့အတွက် စာပေပြီး ပေလည်းတိုင်းသွားတယ်။ အဲဒါဖျက်ဖို့ လာပြောတဲ့အဖွဲ့ဦးဆောင်တာ နှစ်ပွင့်နဲ့ အရာရှိပါ။ ငိုသူ ငို ယိုသူယိုနဲ့ ကျွန်တော်တို့ အိမ်လည်း ပါသွားတယ်ဗျ” ဟု အိမ်ဖျက်ရန် စာပေးခံရသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အိမ်ခြေများကို ကိုယ့်အစီအစဉ်နှင့် ကိုယ် ပြောင်းရွှေ့ရန် ပြောဆိုထားပြီး မပြောင်းရွှေ့နိုင်သူများကို ဘူဒိုဇာနှင့် အားလုံး ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း၊ ယင်းနေရာတွင် နေထိုင်သူများမှာ နှစ် ၅၀ ကျော်ကြာ မိဘလက်ငုတ်နေကြသူများဖြစ်ပြီး ဂရမ်များလည်း ရှိကြကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများက ပြောကြားသည်။

“ကျွန်တော်တို့ ရပ်ကွက်က မကျူးထားဘူး။ ရထားသံလမ်းနဲ့ ပေ ၂၀ နီးပါး ကွာတယ်ဗျ။ အခုက ရပ်ကွက်တွေကိုပါ ဖျက်ခိုင်းတာ” ဟု ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ နေအိမ်မှာ မတရားပြောင်းရွှေ့ခိုင်းမှုအတွက် ရပ်ကွက်အတွင်းရှိ လူထုမှာ မကျေမနပ်ဖြစ်နေကြပြီး ဗြုန်းစားကြီး ဖျက်ဆီးခံရမည်ကို စိုးရိမ်၍ ပြောင်းရွှေ့သူ အချို့လည်း ရှိနေကြပြီး အများစုမှာ ရုတ်တရာ လာဖျက်လျှင် အိမ်တွင် ရှိမနေမည်ကို စိတ်ပူ၍ အလုပ်သွားရန်ပင် မသွားနိုင်ကြဘဲ ရှိနေကြကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည် ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article