ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပီချောင်းဒေသ သက်ထင်ကျေးရွာတွင် မိသားစုဝင် ၆ ဦးနှင့် အိမ်မွေးခွေးပါ ရုတ်တ ရက်သေဆုံးမှု ဖြစ်ပွားကြောင်း ရခိုင်ဒေသခံများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ သက်ထင်ကျေးရွာတွင် မြို(ခမိ) လူမျိုး ဦးသောကြာအောင် အပါ အဝင် မိသားစုဝင် ၆ ဦးသည် နိုဝင် ဘာလ ၂၆ ရက်နေ့တွင် ရုတ်တရက် နာမကျန်းဖြစ်ကြသဖြင့် ဝဲကြီးထောင့် တိုက်နယ်ဆေးရုံတွင် ဆေးတက်ရောက်ကုသကြောင်း၊ ယင်းနောက် နိုဝင် ဘာလ ၂၆ ရက်နေ့ ညပိုင်းမှ စတင်၍ ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ပိုင်းအထိ မိသားစုဝင်များအားလုံး ဆက်တိုက် သေဆုံးခြင်းဖြစ်ကြောင်း သိရှိ ရသည်။
သေဆုံးသွားကြသူများမှာ ဦးသောကြာအောင် အသက် ၅၄ နှစ်နှင့် ဇနီး ဒေါ်ခိုင် သန်းနု အသက် ၅၄ နှစ်၊ သမီးအကြီး မစန္ဒာဝင်း အသက် ၂၅ နှစ်၊ သမီး အလတ် မစိုးသန်း အသက် ၂၃ နှစ်၊ သားအငယ် မောင်ကျော်ငြိမ်းထွန်း အသက် ၁၃ နှစ် နှင့် ဒေါ်ခိုင်သန်းနု၏ မိခင် အဘွား အသက် ၇၀ နှစ်တို့ သေဆုံးသွားကြ ခြင်းဖြစ်သည်။
မိသားစုဝင်အားလုံး နိုဝင်ဘာလ ၂၆ ရက်နေ့ ကျောက်တော်မြို့နယ်၊ ဝဲကြီး ထောင့် တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူကြပြီးနောက် ယင်းနေ့ ည ၁၁ နာရီအချိန် မစိုးသန်းက ပထမဆုံး စတင်သေဆုံးကာ ဒေါ်ခိုင်သန်းနု၊ မစန္ဒာဝင်း၊ မောင်ကျော် ငြိမ်းထွန်းတို့ ဆက်တိုက်သေဆုံးခြင်းဖြစ်သည်။
ဦးသောကြာအောင်နှင့် ဒေါ်ခင်သန်းနု၏ မိခင်တို့ကို ကျောက်တော်မြို့နယ် ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ကုသစဉ် ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ပိုင်း တွင် ဆက်တိုက် သေဆုံးခဲ့ကြသည်။
“သူတို့အိမ်မှာ မွေးထားတဲ့ ခွေးပါ သေတာပါ။ သေတာကတော့ ဦးသောကြာ အောင် အပါအဝင် မိသားစုဝင် ၆ ဦးသေသွားတယ်။ အစာအဆိပ်သင့်တာမျိုးလို့ အများစု အဲဒီလို ပြောကြပေမယ့် လောလောဆယ် ဆရာဝန် ဆေးစစ်ချက် မရသေး တော့ အတည် မပြုနိုင်သေးဘူး။ ခု ကျောက်တော် ဆေးရုံမှာ အစာအိမ် က အရည်ကို ယူထားပြီး စစ်တွေဆေး ရုံကိုပို့ထားတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့မှာ မိသားစုဝင်တွေ နေမကောင်းစဖြစ်ကြတယ်။ နိုဝင်ဘာ ၂၆ ရက် ညနေ ၁၁ နာရီ မှာ မစိုးသန့် စဆုံး ပါတယ်။ နံနက် ၂ နာရီ ဝန်းကျင် မှာ ကျန်လူ တွေ သေဆုံးပါတယ်။ ဦးသောကြာအောင်နဲ့ သူ့ယောက္ခမက ၂၈ ရက်နေ့ နံနက်၊ ကျောက်တော်ဆေးရုံမှာ ဆုံးတယ်။ ဆုံးသွားတဲ့ မစိုးသန်းမှာ ၈ လသား ကလေး တစ်ဦး ရှိပါတယ်။ အမျိုးသားက ကချင် ဖားကန့် မှာ အလုပ်လုပ် နေတာ ခု ပြန်လာနေပါတယ်။ ၈ လသား ကလေးက လောလော ဆယ် အိမ်နီးနားချင်းတွေက ကလေးကို စောင့်ရှောက်ပေးထားတယ်။ ကလေးကတော့ ဘာမှ မဖြစ်သေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
လတ်တလောတွင် ဆရာဝန်များ၏ ဆေးစစ်ချက်များ မရရှိသေးသည့်အတွက် မိသားစုဝင် ၆ ဦး သေဆုံးသည့် အကြောင်း အရာကို မသိရှိရသေးဘဲ နာရေး ကိစ္စများနှင့် သဂြိုလ်ရေး ကိစ္စများကို ဒေသပြည်သူများက ဆောင်ရွက် နေကြောင်း သိရှိရသည်။