ရန်ကုန်၊ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့ပြီး ရွာအတွင်းမှ တိမ်းရှောင်သည့် ပြည်သူများကို စစ်သားများက လိုက်လံ ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်အတွင်းရှိ ရုံးသာ၊ သပြေသာ၊ ဝဲကြီးနှင့် မူးခံတွင်း ကျေးရွာများကို စီးနင်းမီးရှို့ခဲ့ပြီး ဝဲကြီးရွာသည် ပျက်စီးဆုံးရှုံးမှု များပြားနိုင်ကြောင်း သိရသည်။
“ဒီနေ့ မီးရှို့ခံရတာက သပြေသာ၊ ဝဲကြီး၊ မူးခံတွင်း(မူးခဒွင်း)နဲ့ ရုံးသာရွာတွေပါ။ ဝဲကြီးရွာကတော့ ပျက်စီးဆုံးရှုံးမှုများနိုင်တယ်။ အများအပြား မီးထဲပါသွားတယ်လို့တော့ ကြားရတယ်။ မူးခံတွင်းရွာမှာတော့ စစ်ခွေးတွေ ရွာထဲဝင်လာလို့ ရွာပြင်ထွက်ပြေးတဲ့ ရွာသားတွေကို စစ်ခွေးတွေက သေနတ်တွေနဲ့ လိုက်ပစ်တယ်လို့ သိရတယ်။ ထိခိုက်မှု ရှိမရှိ အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။
ဒီပဲယင်း မြို့နယ်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က ပျော်ဘွယ်ရွာ၊ ရုံးသာရွာ၊ သပြေသာရွာ၊ ကံကုန်းရွာ၊ ညောင်လှရွာ၊ ဘန့်ဘွေးရွာ၊ ကုန်းကြီးရွာ၊ နများရွာ၊ ယဥ်ကျေးရွာ၊ အင်ပင်ရွာ၊ ကုန်းတဲရွာ၊ မူးရိုးကုန်းရွာ၊ မူးခတွင်းရွာနှင့် ဝဲကြီးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သောင်းနှင့်ချီသော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲကာ မူးခတွင်းရွာနှင့် ဝဲကြီးရွာတို့တွင် တပ်စွဲထားကြောင်း သိရသည်။
Photo – ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ဒီပဲယင်းမြို့နယ် ကုန်းတဲကျေးရွာကို အဝေးမှ တွေ့မြင်ရစဥ်