ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်မြို့သစ်တွင် ယနေ့ နံနက် ၈ နာရီမှစတင်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီး ညနေ ၃ နာရီ ၂၀ မိနစ်တွင် စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ကြောင်း KNU သတင်းရင်းမြစ်နှင့်ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ စစ်တပ်က လက်နက်ကြီးများဖြင့် လေးကေ့ကော်မြို့သစ်ပတ်ဝန်းကျင်များအားလုံးကို ရမ်းသမ်းပစ်ခတ်နေပြီး စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ၁၅ မိနစ်ဝန်းကျင် ကြာအောင် လှည့်ပတ်ပျံသန်း ပစ်ခတ်သွားကြောင်း၊ လက်ရှိတွင် စစ်တပ်က အထိနာနေကြောင်း ဒေသခံများထံမှ သိရှိရသည်။”ဒီနေ့ စစ်တပ်ဘက်က အကျအဆုံးများလို့ လေယာဉ်နဲ့လာပစ်တယ်ပြောတယ်။ သိရသလောက်တော့ စစ်တပ်က အထိနာတာပေါ့” ဟု KNU သတင်းရင်းမြစ်ကပြောသည်။ ကရင်သတင်းဌာန KIC ကမူ ဖလူးလေးရွာရှိ လက်နက်ကြီးပစ်စခန်းအကုန်းအပါအဝင် ဖလူးဒေသများအား ယနေ့ ဖေဖော်ဝါရီလ ၁၆ရက် နေ့လယ်အချိန်ခန့်တွင် ပြန်လည်တိုက်ခိုက်ရယူနိုင်ခဲ့ပြီဟု သတင်းဖော်ပြသည်။