စစ်တပ်နှင့် BGF တပ်များက ဘားအံမြို့၊ တကောင်ဘိုးနှင့်မီးပုံးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်တစ်ဖက်ကမ်း၊ တကောင်ဘိုးနှင့်မီးပုံးကျေးရွာကို စစ်တပ်နှင့် BGF တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ စစ်ကောင်စီတပ် နှင့် နယ်ခြေားစောင့် BGF ၁၀၁၄ တပ်ခွဲမှူး တင်ဝင်း ဦးဆောင်သောတပ်များက ကရင်ပြည်နယ်၊ ရွှေဂွန်းဘက်မှ သံလွင်မြစ်တဖက်ကမ်းဘားအံမြို့နယ် တကောင်ဘိုးနှင့် မီးပုံးရွာသို့ ဝင်ရောက်ပီး ရွာအတွင်းသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးစစ်ရှောင်ကြရကြောင်း၊ မီးပုံးရွာရှိ နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
“ဒီဇင်ဘာ ၁၁ ရက်နေ့ ရွေဂွန်းတဖက်ကမ်း သံလွင်နောက်ဘက်ခြမ်း မီးပုံး ဝဲကြီး တစ်ကောင်ဘိုး ကျေးရွာတစ်လျောက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ နောက်တော့ တိုက်ပွဲဖြစ်တယ်လို့ ပြန်ကြားရတယ်။ ပြည်သူတွေကတော့ စစ်ကြောင်းဝင်လာကတည်းက ပြေးရတာ”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ကရင်ပြည်နယ်တွင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့် BGF ၊ စစ်တပ်တို့ပူးပေါင်းပြီး KNLA နှင့် PDF တပ်များကို စစ်ကြောင်းထိုး ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ မကြာခဏ ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။