26 C
Yangon

ရှိန်ဂတ်ဘွမ်စစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ် က ရိက္ခာဖြတ်တောက်ပြီး ဝိုင်းရံပိတ်ဆို့ထား၊ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအနီး ရှင်ဂတ်ဘွမ် (ရှင်ဂတ်တောင်ကုန်း)ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့များက ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ဖွဲ့များ ရိက္ခာပြတ်လတ်မှုများဖြစ်နေကြောင်း၊ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

“မနေ့ကလည်း KIA က ဝင်တိုက်တာ စစ်တပ်ဘက်က တပ်ကြပ် ၁ ဦးနဲ့ နောက် ၂ ဦးသေတယ်ပေါ့နော်၊ ၅ ဦးလောက် ဒဏ်ရာရတယ်ပေါ့၊ အဲဒီလိုတော့ ကျနော်တို့ သတင်းရတယ်။ ဒီနေ့ကတော့ တိုက်ပွဲပုံစံမဟုတ်ဘဲ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်နေတာပေါ့နော်။ အဲဒီတဝိုက်က ဆွမ်ပီယာန်၊ အင်စီယာန်၊ ဝသိုက်ရွာ ၃ ရွာက ဒေသခံတွေတော့ အကုန်ရှောင်နေကြပြီ၊ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက သူတို့ အထိနာရင် လေယာဉ်နဲ့ လာပစ်တော့မှာလေ၊ အဲဒါကိုကြောက်ပြီးတော့ အကုန်ရှောင်ကြပြီ” ဟု ပူတာအိုဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ရှိန်ဂတ်ဘွမ်စခန်းသည် ဆွမ်ပီယာန်ကျေးရွာမှ ၅ မိုင်ခန့်ကွာဝေးပြီးဗျူဟာမြောက်စခန်းကုန်း ၁ ခုဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ပူတာအို PDF ပူးပေါင်းအဖွဲ့သည် ဆွမ်ပီယံကျေးရွာရှိ စစ်ကောင်စီစခန်းငယ် ၁ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်သား ၁ ဦးကိုလည်း အရှင်ဖမ်းမိခဲ့သည်။

အဆိုပါ စခန်းသည် ရှိန်ဂတ်တောင်ကုန်းစခန်းသို့ သွားရာ လမ်းပေါ်တွင် တည်ရှိပြီး KIA ပူးပေါင်းတပ်က လမ်းကြောင်းကို ပိတ်ဆို့ထားခြင်းကြောင့် ရှိန်ဂတ်တောင်ကုန်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရိက္ခာ၊ အစာရေစာ ပြတ်လပ်မှုများဖြစ်နေကြောင်း သိရှိရသည်။

“လက်ရှိမှာတော့ အခြေအနေစောင့်ကြည့်နေတယ်၊ ရိက္ခာလမ်းကြောင်းတွေ ဖြတ်ထားတယ်၊ စခန်းကို ဝိုင်းထားတဲ့ အနေအထားပေါ့” ဟု KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ ရှိန်ဂတ်တောင်ကုန်းစခန်းကို KIA တပ်မဟာ ၁၊ တပ်ရင်း ၇ တပ်ဖွဲ့နှင့် PDF က ပူးပေါင်းဝင်ရောက်တိုက်ခိုက်နေသည်မှာ ၂ ရက် ရှိပြီဖြစ်ကြောင်း၊ ယနေ့ ဝင်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကြောင်း ကချင်သတင်းများတွင် ဖော်ပြနေကြပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဓါတ်ပုံ – ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဆွမ်ပီယာန်ကျေးရွာရှိ စစ်ကောင်စီစခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ပြီး သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article