ကန့်ဘလူတွင် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်း၊ သိန်ရင်ဆည်ဒေသတွင် စစ်ကောင်စီတပ်က ၅ရက်ဆက် စစ်ကြောင်းထိုးနေစဉ် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကိုဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ကန့်ဘလူမြို့နယ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးနေသော ခမရ-၃၆၈ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း စစ်ကြောင်းက ဖေဖော်ဝါရီ၁၇ရက်နေ့ ကိုင်းရိုးရွာအနီးတွင် ဒေသ ကာကွယ် ရေး အဖွဲ့ ဝင်၂ ဦးကို ဖမ်းဆီးနှိပ်စက်၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“အင်းလယ်ကြီးရွာမှာ ၃ရက်တပ်စွဲပြီးတော့ ကိုင်းရိုးရွာဘက် စစ်ကြောင်းထိုးချိန်မှာ ရဲဘော်၂ ဦးက ကင်းထောက်နေတာကို ဖမ်းမိသွားတယ်။ အဲ့ဒါ နှိပ်စက်မေးမြန်းပြီးတော့ လူတွေရော ဆိုင်ကယ်ရော ထွန်စက်ပေါ်တင်ပြီး မီးရှို့သွားတာ” ဟု ပြောသည်။
အဆိုပါစစ်ကြောင်းအပြင် ခမရ-၃၆၉ စစ်ကောင်စီတပ်က ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းဘေးရှိ ငှက်ပျောတိုင်းရွာကို တပ်စွဲနေသဖြင့် ကန့်ဘလူမြို့နယ် သိမ်ရင်ဆည်ဒေသနှင့် ဗျူဟာလမ်းအနီးရှိ ပြည်သူ ၂၀၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်။
ခမရ-၃၆၈ စစ်ကောင်စီတပ်က သိန်ရင်ဆည်ဒေသသို့ စစ်ကြောင်းမထိုးမီ ဖေဖော်ဝါရီ၁၃ရက်က ကန့်ဘလူအခြေစိုက် ၆၀၀၆ လက်နက်ကြီးတပ်ရင်းမှ ၁၂၀မမ ဟောင်ဝစ်ဇာအမြှောက်ဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သောကြောင့် သိန်ရင်ဆည်ဒေသ၊ အင်းလယ်ကြီးရွာမှ ဒေသခံပြည်သူတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နွားတစ်ကောင် သေဆုံးခဲ့သည်။
ဓာတ်ပုံ- ဒေသကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးကို အကြမ်းဖက်စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ထားစဉ်။


