ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃
အကြမ်းဖက်စစ်ကောင်စီ၏ ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့အနီး တိုက်ပွဲများပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးများခဲ့ကာ စစ်ကောင်စီတပ်သားများ လယ်ကွင်းများ၌ အုပ်စုလိုက် အမြောက်အများသေဆုံးခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းများအရ သိရှိရသည်။
ဒရုန်းဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုထဲတွင် လယ်ကန်သင်းရိုးအနီး သေဆုံးနေသော စစ်သားအလောင်းများ၊ လယ်ကွင်းထဲ၌ ဒဏ်ရာရစစ်သားများကို ဆေးကုနေသော မြင်ကွင်းများ ပါရှိသည်။
မိုးဗြဲမြို့တောင်ဘက်ရှိ ဝါရီဆူးပလိုင်၊ ဝါသောခူ၊ ကပ္ပယ်ခူရွာဟောင်း၊ နန်းမယ်ခုံ အနီးတွင် စစ်ကောင်စီက စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ယနေ့ဆိုလျှင် ၈ ရက် ရှိပြီဖြစ်သည်။
တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၄၀ ခန့် ကျဆုံးခဲ့သလို အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀၀ ဝန်းကျင်သေဆုံးကြောင်း မြေပြင်သတင်းများအရ သိရှိရသည်။