ဘုတလင်တွင် ခရီးသည်တင်ကားများကို စစ်ဆေး ဆက်ကြေးကောက်ရန် ထွက် လာသည့် စစ်တပ် ကားကို ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရမိ
ရန်ကုန်၊ မတ် ၂
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ခရီးသည်တင်ကားများကို စစ်ဆေးပြီး ဆက် ကြေးကောက်ရန် ထွက်လာသည့် စစ်တပ် ကားကို ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရမိကြောင်း ဘုတလင်မြို့နယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မတ်လ ၂ ရက်နေ့ နံနက် ၄နာရီခွဲအချိန် ဝန်းကျင် ခရီးသည်ကားများကို ဆက် ကြေးတောင်းရန် ထွက်လာသည့် စစ်ကောင်စီကား ပစ်ခတ်ခံရပြီး စစ်သား၃ဦးသေဆုံးခဲ့ကြောင်း၊ ဒေသကာကွယ်ရေးတပ်က လက်နက် ၂ လက် သိမ်းဆည်းရမိပြီး စစ်သားတချို့ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။
“သူတို့က ကြောင်ပန်းတောရအနီးက သစ်တောရုံးထဲကနေ ထိုင်ပြီး မုံရွာဘက်သွားတဲ့ကားတွေကို ဆက်ကြေးတောင်းနေကြတဲ့ကောင်တွေဗျ။ သူတို့ဝင်ထွက်သွားလာနေကြနေရာကို စောင့်ကြည့်ပြီး ကျနော်တို့ အခုလိုတိုက် ခိုက်ခဲ့တာ။ ကျနော်တို့ ပစ်ခတ်တဲ့ ကားပေါ်မှာ စစ်ခွေး၅ကောင်ပါတယ်။ ၃ကောင်ကတော့ နေရာတင်သေဆုံးပြီးတစ်ကောင်ကတော့ဆေးရုံမှာ ဆေးကုသနေတယ် ။ နောက်တစ်ကောင်ကတော့ ကျနော်တို့ ပစ်ခတ်ချိန်မှာတင် ထွက်ပြေးလွတ်မြှောက်သွားတယ်။ အဲဒီကားပေါ်ကနေ ကျွန်တော်တို့ လက်နတ်၂လက်သိမ်း ဆည်းရမိခဲ့တယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီတပ်များက ဘုတလင်မြို့ပေါ်နှင့် ကူတော်ကျေးရွာတွင်သာ တပ်စွဲထားနိုင်ပြီး ဘုတလင်မြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်။(ပုံအဟောင်းဖြစ်ပါသည်)
Photo- Agency။
