ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅
ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးဝန်းကျင်သို့ အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ နံနက် ၁၁ နာရီမှ စတင်ကာ လေကြောင်းဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့ပြီး ကျေးရွာများရှိ နေအိမ် ၁၇ လုံးပျက်စီး၊ KNDF ရဲဘော် ၁ ဦး ကျဆုံးကာ ပြည်သူ ၁ ဦး ခြေထောက်ကျိုး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
“ကျွန်းတော မှာ အိမ် ၁၀ လုံး၊ ဒေါကမီးမှာ ၄ လုံး၊ သာယာရွာမှာ ၃ လုံး၊ ကျနော်တို့ KNDF ရဲဘော် ၁ ယောက် ကျတယ်၊ ပြည်သူ ၁ ယောက် ခြေထောက်ထိပြီး ၂ ချောင်းလုံး အရိုးကျိုးတယ်” ဟု KNDF တပ်ရင်း ၁ သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် တိုက်လေယာဉ်များဖြင့် ကျဲချခဲ့သည့် ဗုံးများမှာ ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးများဖြစ်ကြောင်း နန်းမယ်ခုံမြို့အနီးရှိ ကျွန်းတောကျေးရွာတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံး ၁ လုံး တွေ့ရကြောင်း သတင်းရရှိသည်။
“မနေ့ နေ့လယ်လောက်မှာ လာကျဲတာ နန်းမယ်ခုံကနေ ဒေါကမီးရွာအထိ တောက်လျှောက်ကျဲသွားတာ။ မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးက ကျွန်းတော ကျေးရွာမှာ ကျန်တာပါ၊ ကျွန်းတောကျေးရွာ ခြံဝန်း ၁ ခုထဲက စပါးကျီအောက်မှာ တွေ့တာ၊ အဲဒီ ဗုံးကို လာကျဲတဲ့အချိန်က ၁၂ နာရီ ၂၀ မိနစ်မှာပါ။ ဗုံးအရှည်က ၃ တောင် လောက်ရှိမယ်၊ အချင်းက ၈ လက်မ လောက်ရှိမယ်” ဟု KNDF တပ်ရင်း ၁ သတင်းပြန်ကြားရေးက ဆက်လက်ပြောဆိုသည်။
နန်းမယ်ခုံနှင့် ဒေါကမီးကျေးရွာသည် အကွာအတေး ၃ မိုင်ခွဲခန့်ရှိပြီး ကျွန်းတောကျေးရွာသည် နန်းမယ်ခုံမြို့မှ ၁ မိုင် ဝန်းကျင်အကွာအဝေးတွင် တည်ရှိသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် နန်းမယ်ခုံနှင့် ဒီးမော့ဆို ကြားရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် KNDF တပ်ရင်း ၁ က မေတ္တာရပ်ခံထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့တွင် ၉ ရက်မြောက်အဖြစ် ကရင်နီတပ်ဖွဲ့များ ထိန်းချုပ်ထားရာ နန်းမယ်ခုံမြို့သို့ မြေပြင်မှ သံချပ်ကာအမြှောက်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သလို မိုးဗြဲအခြေစိုက် တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်လည်း ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များသည် နန်းမယ်ခုံမြို့မှ ဆုတ်ခွာပေးခဲ့ရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် နန်းမယ်ခုံမြို့ကို ယမန်နေ့က သိမ်းပိုက်လိုက်ပြီးနောက် အနီးရှိ ဆင်တောင်တွင် စခန်းချတပ်စွဲကာ ယင်းစခန်းမှ အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်းလည်း သိရှိရသည်။
ယနေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီက နန်းမယ်ခုံမြို့မှ ဆက်လက်ထိုးစစ်ဆင်နေပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးနိုင်ကြောင်းလည်း သိရှိရသည်။
“ဒီနေ့ နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီကျော်အထိ တိုက်ပွဲဖြစ်တယ်။ သံချပ်ကာအမြှောက်ကား ၂ စီးပါတယ်၊ နန်းမယ်ခုံမှာ ၁ စီး နန်းစံခမ်းရွာမှာ ၁ စီး။ သူတို့က ကျွန်းတောရွာဘက်ကို ချဉ်းကပ်ချင်နေတယ်၊ တိုက်ပွဲဖြစ်တော့ စစ်သား ၁၀ ယောက်ကျော် သေမယ်၊ ကျနော်တို့ ရဲဘော် ၅ ဦး ဒဏ်ရာရတယ်” ဟု KNDF တပ်ရင်း ၁ က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုများကို ကရင်နီတပ်မတော် KA၊ KNDF၊ ဖယ်ခုံ မိုးဗြဲ လွိုင်ကော် ဒီးမော့ဆို PDF တပ်ဖွဲ့များ၊ KDF၊ JPDF၊ GZ 21၊ KGZ အဖွဲ့များက ပူးပေါင်းပြီး ခုခံတိုက်ခိုက်လျှက်ရှိသည်။